ဆောနီဂွတ်ဇ်ကို ချီးကျူးခြင်း၊ တီမိုဝါနာကို ပစ်မှတ်ထားတဲ့ ကာဆယ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး အငှားနည်းပြ ကူဒီစီနီက လူငယ်ကြယ်ပွင့် ဂယ်လင်ဟာအနေနဲ့ ပဲလေ့စ်မှာ ခြေစွမ်းပြ နေနိုင်တာကို ပျော်ရွှင်မိကြောင်း၊ ဂယ်လင်ဟာအနေနဲ့ ဗီအဲရာရဲ့ လက်အောက်မှာ လိုက်ဖက်လွန်းနေကြောင်း၊ ဂယ်လင်ဟာကို ကမ်းလှမ်းတဲ့အသင်းများစွာရှိတဲ့အထဲမှာမှ ပဲလေ့စ်နဲ့ လိုက်ဖက်နိုင်လို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

နယူးကာဆယ် အနေနဲ့ ချဲလ်ဆီးတိုက်စစ်မူှး တီမိုဝါနာကို ခေါ်ယူဖို့ ဆက်သွယ်လျက် ရှိနေကြောင်း သိရပါတယ်။ နယူးကာဆယ် က ဆောင်းရာသီမှာ အင်အားဖြည့်တင်းမှု ပြုလုပ်ဖို့ကြံရွယ်နေပြီး တီမိုဝါနာကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကတော့ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်ပြီး ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့်တွေကို ချီးကျူးခဲ့ပြီး အကယ်ဒမီ က ပိတ်ထားတဲ့အတွက် သူတို့ဟာအသင်းနဲ့ လေ့ကျင့်ခန်းတစ်ပတ်တောင် မဆင်းရထားကြောင်း၊ ဒါပေမဲ့ သူတို့ဟာ ဂရုတစိုက်နားထောင်ခဲ့ပြီး စွမ်းရည်ကောင်းကို ပြနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကူဒီစီနီက ဒီရာသီ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမားက လူငယ်ကြယ်ပွင့်နောက်ခံလူ ချာလိုဘတ် ဖြစ်ကြောင်း၊ ချာလိုဘတ် ဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနေပြီး သူ့ကိုအခုလို မြင်ရတာ ပျော်ရွှင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘရန်ဖို့ဒ်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ချဲလ်ဆီး ပရိသတ်တွေကတော့ ကွင်းလယ်လူ ဆောနီဂွတ်ဇ်ကို ချီးကျူးခဲ့ကြပါတယ်။ ဒီပွဲစဉ်က ခြေစွမ်းနဲ့ ပတ်သတ်ပြီး ဆောနီဂွတ်ဇ်ဟာ ချီးကျူးခံရဖို့ထိုက်တန်ကြောင်း၊ ဒီပွဲစဉ်က သူ့အတွက် အလွန် ကောင်းမွန်မှုရှိကြောင်း ချဲလ်ဆီးပရိသတ်တွေက ဆိုခဲ့ကြတာပါ။

ချဲလ်ဆီး နည်းပြတူချယ်က တိုက်စစ်မှူးလူကာကူရဲ့ ကိုဗစ်အခြေအနေနဲ့ ပတ်သက်ပြီး “ကျွန်တော် နားလည်ထားတာ မမှားဘူးဆိုရင် လူကာကူက Negative ဖြစ်နေပါပြီ။ ဒါက သတင်းကောင်းပါ။ဒါပေမဲ့ စိတ်လှုပ်ရှားလွန်းလို့ မရသေးဘဲ စစ်ဆေးဖို့ လိုအပ်နေပါသေးတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

စပါးနည်းပြ ကွန်တီက ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးနဲ့ တွေ့ဆုံနေတဲ့အပေါ် “ချဲလ်ဆီးနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာ ကျွန်တော့်အတွက် နှစ်လိုဖွယ်ကောင်းတဲ့ အရာပါ။ ကျွန်တော်က ချဲလ်ဆီးမှာ အံ့အားသင့်ဖွယ် ကောင်းတဲ့ နှစ်ရာသီကို ဖြတ်သန်းခဲ့ပြီး များစွာ ကျေနပ်ခဲ့ပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ဖြစ်ခဲ့ရတဲ့ ပီအက်စ်ဂျီ နောက်ခံလူ ကင်ဘတ်ပီကို ခေါ်ယူဖို့ ထပ်မံကြိုးပမ်းသွားဦးမှာပါ။ ဒီတစ်ကြိမ်မှာတော့ ကင်ဘတ်ပီအနေနဲ့ ပီအက်စ်ဂျီ ကနေ ထွက်ခွာခွင့်ရအောင်ကြိုးပမ်းဖွယ် ရှိနေပါတယ်။