မိုက်ကယ်အိုဝင်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အတွက် သုံးသပ်ခန့်မှန်းချက်များ
ပရီးမီးယားလိဂ် ကြယ်ပွင့် တိုက်စစ်မှုး ဟာင်း မိုက်ကယ်အိုဝင်က ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ပွဲတွေ အတွက် ယခုလို ခန့်မှန်းပေးခဲ့ပါတယ်။
မန်စီးတီး vs လက်စတာ
ကျွန်တော်ကတော့ မန်စီးတီးတို့ title race ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ထင်ပါတယ်။ လီဗာပူးဟာ စီးတီးကို လိုက်လံ ဖိအားပေးနိုင်မှာ ဖြစ်ပေမယ့် လက်ရှိ စီးတီးရဲ့ form အရ သူတို့ကို ရပ်တန့်ဖို့က မလွယ်ပါဘူး။
ခံစစ်ပိုင်းမှာ သူတို့ဟာ တအားကို ကျစ်လစ်နေပြီး အထူးသဖြင့် ပြိုင်ဘက်တွေဟာ သူတို့ဆီက ဘောလုံးကို သိပ်မရနိုင်တာပါပဲ။ ကန်ဆယ်လို နဲ့ ရိုဒရီ တို့ကလည်း ကောင်းသထက်ကောင်းလာပြီး ဒီဘရိုင်းနား ကလည်း သူ့ရဲ့ ပုံစံကောင်းကို ပြန်ရလာနေပြီ ဖြစ်ပါတယ်။
လက်ရှိ လက်စတာမှာ အခြေအနေတွေ သိပ်ပြီးမကောင်းလှပါဘူး။ သူတို့ဟာ ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်မှု မရှိ ဖြစ်နေပြီး ဒဏ်ရာပြသနာတွေ ကလည်း ထိုးနှက်နေပါတယ်။ သူတို့ဟာ နယူးကာဆယ်ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ ခြေစွမ်း အတော်ကောင်းခဲ့ပြီး ဒီပွဲမှာ ဘယ်လို ကစားသွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကျွန်တော်ကတော့ ဒီပွဲမှာ နိုင်တဲ့ အသင်း ၁ သင်းပဲ မြင်ပါတယ်။ လက်စတာတို့ ဂိုးရနိုင်ပေမယ့် စီးတီးပဲ နိုင်သွားမှာပါ။
ခန့်မှန်းချက် : မန်စီးတီး 4-1 လက်စတာ

အက်စတွန်ဗီလာ vs ချဲလ်ဆီး
ဗီလာမှာ စတီဗင်ဂျာရတ် ကောင်းကောင်း လုပ်ပြထားနိုင်ခဲ့တဲ့ အပေါ် ကျွန်တော် ဝမ်းမြောက်မိပါတယ်။ သူဟာ ကြီးမားတဲ့ ပုံရိပ် တစ်ခုပါ။ သူဟာ ဗီလာအသင်းကို လွှမ်းမိုးမှု ရှိထားတဲ့ပုံစံပါပဲ။ ဝက်ကင်း နဲ့ မက်ဂင်း တို့ဟာ ဂျာရတ်ရောက်လာပြီးနောက် သူတို့ရဲ့ ပုံစံကောင်းကို စတင် ရှာတွေ့ခဲ့ပါတယ်။ ဗီလာဟာ top 8 နဲ့ သိပ်မဝေးပါဘူး။ ဒီအတွက် သူတို့ကို ကျွန်တော် ဖယ်ထုတ်ထားခြင်း မရှိပါဘူး။
ချဲလ်ဆီးဟာ ဒီရာသီရဲ့ အဆိုးဆုံး form ကို ရနေပြီး အထူးသဖြင့် နောက်ဆုံး ၄ ပွဲမှာ ၁ပွဲသာ နိုင်ထားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း မန်စီးတီးနဲ့ ၆ မှတ် ကွာဟသွားခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလပဲ ရှိသေးပေမယ့် ဒါဟာ ကြီးမားတဲ့ ကွာဟမှုပါ။
နောက်ထပ် ရမှတ်တွေ ထပ်ပြီး ဆုံးရှုံးခဲ့မယ်ဆိုရင် ချဲလ်ဆီးတို့ လိဂ်မှာ ဗိုလ်စွဲဖို့ ခက်ခဲပါလိမ့်မယ်။ ကျွန်တော် ကတော့ ဗီလာဟာ ချဲလ်ဆီးကို ဒုက္ခပေးကာ တစ်မှတ် ရယူသွားလိမ့်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းချက် : အက်စတွန်ဗီလာ 1-1 ချဲလ်ဆီး

တော့တင်ဟမ် vs ခရစ်စတယ်ပဲလေ့စ်
တစ်ဖြည်းဖြည်းနဲ့ အန်တိုနီယိုကွန်တီဟာ သူ့ရဲ့ အိုင်ဒီယာတွေကို စပါးအသင်းထံ သွတ်သွင်းထားနိုင်ခဲ့ပါတယ်။ စပါးရဲ့ ကစားပုံဟာ စုစည်းမှု အားကောင်းလာခဲ့ပြီး ကလပ်ရဲ့ atmosphere လည်း ပိုပြီး ကောင်းလာခဲ့သလို ပါပဲ။ ဒါ့အပြင် စွမ်းအင်တွေ အကောင်းမြင်မှုတွေ ပိုရှိလာခဲ့ပြီး ကွန်တီဟာ ဒီနေရာကို တကယ် ပြောင်းလဲစေခဲ့ပါတယ်။
ပဲလေ့စ်ဟာ ရာသီကောင်းတစ်ခုကို ပိုင်ဆိုင်နေပြီး ဗီအဲရာဟာ အသင်းနဲ့အတူ သူ့ရဲ့ တာထွက်ကို ပျော်ရွှင်နေမှာပါ။ ပဲလေ့စ်ဟာ လာမည့် ပွဲစဉ်မှာ နော့ဝှစ်နဲ့ အရေးကြီးပွဲကို ရင်ဆိုင် သွားရမှာ ဖြစ်တာကြောင့် ဒီပွဲစဉ်မှာ လူကုန် သုံးသွားမလား ဆိုတာ စဉ်းစားစရာပါပဲ။ ဒါဟာ စပါးရဲ့ မြင်တွေ့နေကျ နိုင်ပွဲ ဖြစ်လာနိုင်ပါတယ်။
စပါးဟာ ဂိုးသွင်းအား သိပ်မကောင်းပေမယ့် သူတို့မှာ ဒီပွဲကို အနိုင်ရလောက်တဲ့ လုံလောက်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။
ခန့်မှန်းချက် : တော့တင်ဟမ် 2-1 ခရစ်စတယ်ပဲလေ့စ်
နော့ဝှစ် vs အာဆင်နယ်
အစမှာ တာထွက်ကောင်းခဲ့ပေမယ့် ဒင်းစမစ်ဟာ နောက်ဆုံး ပွဲစဉ်တွေမှာ နော့ဝှစ်နဲ့အတူ ရုန်းကန်နေရပါတယ်။ သူတို့အတွက် သတင်းကောင်းတစ်ခုကတော့ ဒါဟာ နော့ဝှစ်အတွက် ခက်ခဲတဲ့ ပွဲတွေထဲက နောက်ဆုံးပွဲ ဖြစ်နေပါတယ်။ နော့ဝှစ်ရဲ့ လာမည့်ပွဲစဉ်တွေဟာ အမှတ်တွေ ရယူနိုင်တဲ့ ပွဲတွေ ဖြစ်ပြီး သူတို့ရဲ့ အနာဂတ်ကို အကဲဖြတ်ဖို့တော့ အဝေးကြီး လိုပါသေးတယ်။
အာဆင်နယ်ဟာ ပိုကောင်းလာခဲ့ပြီး အဆင့် ၄ နေရာ အတွက် ပြိုင်ဘက်တွေ အဓိက ကျော်ဖြတ်ရမယ့် အသင်း ဖြစ်လာနိုင်ပါတယ်။ သူတို့ရဲ့ လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဆာကာ စမစ်ရို အိုဒီဂတ် နဲ့ မာတင်နယ်လီ တို့ရဲ့ ကစားပုံတွေကို ကျွန်တော် ကြိုက်နေပါတယ်။
အထူးသဖြင့် မာတင်နယ်လီရဲ့ စွမ်းအင်နဲ့ ရွေ့လျားမှုတွေဟာ တကယ့်ကို ကောင်းလှပြီး သူဟာ ဂိုးသွင်းခြေတွေ့နေတဲ့ ပုံစံပါပဲ။ ဒါဟာ အာဆင်နယ်အတွက် သက်တောင့်သက်သာ နိုင်ပွဲ ဖြစ်သင့်ပါတယ်။ ကျွန်တော်ကတော့ အဝေးကွင်း အသင်းပဲ နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

ခန့်မှန်းချက် : နော့ဝှစ် 0-2 အာဆင်နယ်
နယူးကာဆယ် vs မန်ယူနိုက်တက်
ဒါဟာ ကျွန်တော် အနှစ်သက်ဆုံး ပွဲတွေထဲက တစ်ပွဲဖြစ်ပြီး စိန့်ဂျိမ်းပက်မှာ ဆူညံနေပါလိမ့်မယ်။ နယူးကာဆယ်ဟာ ရုန်းကန်နေရဆဲ ဖြစ်ပြီး အထူးသဖြင့် နောက်တန်းပါ။ ကျွန်တော် တစ်ချိန်လုံး ပြောခဲ့သလိုပဲ သူတို့ဟာ ဂိုးရယူမှုအပိုင်းမှာ စိတ်ပူဖို့ မရှိပေမယ့် ခံစစ်ပိုင်းကတော့ တိုးတက်ဖို့ လိုအပ်နေပါတယ်။ သူတို့ဟာ ခက်ခဲတဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားနေရပြီး ဒီပွဲပြီးရင်တော့ ပွဲကျပ်ကာလ ပြီးသွားပါပြီ။
ယူနိုက်တက်တို့ ဘယ်လို ကစားသွားမလဲဆိုတာ ကျွန်တော် စိတ်ဝင်စားနေပါတယ်။ ရန်းနစ်ရဲ့လက်အောက်မှာ ကစားဟန် အပြောင်းအလဲတွေ ဖြစ်လာခဲ့ပြီး သူ့ရဲ့ အိုင်ဒီယာတွေကို ကစားသမားတွေ အပြည့်အ၀ ရဖို့တော့ အချိန် လိုနေအုံးမှာပါ။ ဒါ့ကြောင့် ယူနိုက်တက်ဟာ ဘယ်လို ကစားသွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေတာပါ။
အိမ်ကွင်းပရိတ်သတ်အားကြောင့် ဒီပွဲမှာ နယူးကာဆယ်တို့ ဂိုးရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်တန်းကို ကျွန်တော် မယုံတာကြောင့် ယူနိုက်တက်ဟာ ၂ ဂိုးလောက် သွင်းသွားပါလိမ့်မယ်။

ခန့်မှန်းချက် :နယူးကာဆယ် 1-2 မန်ယူနိုက်တက်
အခြားပွဲစဉ်များအတွက် ခန့်မှန်းချက်
ဝက်ဟမ်း 2-1 ဆောက်သမ်တန်
ဘရိုက်တန် ၁-၀ ဘရန့်ဖို့ဒ်