ထရိန်နင်မှာ ဒိုလေးရဲ့ အသင်းကို အပြတ်အသတ် အနိုင်ကန်ပြီးနောက် လှောင်ပြောင်ကျီစယ်နေတဲ့ မာတစ်

မန်ယူ ဝါရင့် ကစားသမား မာတစ် ကတော့ နောက်ဆုံးလေ့ကျင့်ရေးမှာ ကစားခဲ့တဲ့ ပွဲမှာ ရော်နယ်ဒိုရဲ့ အသင်းကို အနိုင်ရပြီးနောက် ပေါ်တူဂီ အသင်းခေါင်းဆောင်ကို အင်စတာဂရမ် ကနေ လှောင်ပြောင် ကလိ ကျီစယ်နေခဲ့ တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့ က ကစားခဲ့တဲ့ ပွဲမှာတုန်း က ရော်နယ်ဒိုရဲ့ အသင်းက အနိုင်ရခဲ့တာပါ။

ဒီအချိန်မှာ ရော်နယ်ဒိုက ဖရက်ဒ်၊ မာတာ၊ မက်ဂွိုင်းယား၊ တဲလက်စ်၊ ရက်ရ်ှဖိုဒ့်တို့ ပါဝင်တဲ့ပုံနဲ့ ဒါက အနိုင်ရတဲ့ အသင်း ဆိုပြီး အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ မာတစ်ကလည်း နောက်နေ့လေ့ကျင့်ခန်းမှာ အနိုင်ရပြီး နောက် ရော်နယ်ဒို ကို ပြန်လှောင်ပြောင်ခဲ့တာပါ။

ဒီအချိန်မှာ မာတစ် က ခရစ်စတီယာနိုရေ အဆင်ပြေရဲ့လားဆိုပြီး ရေးသားခဲ့တာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်ကလည်း ရော်နယ်ဒိုရဲ့ အောင်ပွဲခံမှုပုံစံဖြစ်တဲ့ SIUUUUUUU ဆိုပြီး မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

မာတစ်က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ “ဘာမှမဟုတ်ပါဘူး။ ဒါက ရိုးရိုး ရှင်းရှင်းလေးပါ ဆိုပြီး ရယ်မောနေခဲ့တာပါ။ ကျွန်တော့်အသင်းက အနိုင်ရခဲ့ပေမယ့် ဒီပွဲက ကျွန်တော်တို့ အတွက် အလွန် လွယ်ကူတဲ့ ပွဲဖြစ်ခဲ့ပါတယ်”

“ခရစ်စတီယာနို အသင်းက မနေ့က အနိုင်ရခဲ့ပေမယ့် ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ ကျွန်တော်တို့က (၁၅)ဂိုး-(၄)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကိုဗစ်ကြောင့် လေ့ကျင့်ရေးကွင်းတွေ ပိတ်ခဲ့ပြီး အခုအပတ်အစောပိုင်းကမှ ပြန်ဖွင့်ခဲ့တာပါ။ မာတစ်ကတော့ အသင်းနဲ့အတူ အလုပ်ပြန်လုပ်ရတဲ့ အတွက် အလွန်ဝမ်းသာမိတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

မာတစ် က “ဟုတ်ပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ အတူတူ လေ့ကျင့်ရတာ ပျော်ရွှင်ဖို့ကောင်းပြီး လေထုကလည်း ကောင်းမွန်ပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကိုဗစ်ကြောင့် ဘရန်ဖိုဒ့် ၊ ဘရိုက်တန်နဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပြီး ကြားရက်မှာ ကစားမယ့် နယူးကာဆယ်နဲ့ ပွဲမှာတော့ ပြန်လည် ကစားနိုင်ဖွယ် ရှိနေပါတယ်။