ချန်ပီယံလိဂ် ဖလားယူမယ့် မာတစ်၊ ပေါ့ဘာ၊ ချူဝါမန်နီအတွက် သတိပေးချက်နဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူ က အဝေးကွင်းမှာ နယူးကာဆယ်ကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိမယ်လို့ ခန့်မှန်းလိုက်ပြီး မန်ယူအနေနဲ့ ဒီရာသီမှာကြီးမားတဲ့ ရည်မှန်းချက်မျိုးရှိရင် ်ဒီပွဲစဉ်ကို အနိုင်ကစားရမှာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အနေနဲ့ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားနိုင်တဲ့ ကစားသမား ၂၅ ဦးအထိ လူစာရင်းရှိနေကြောင်း နည်းပြ ရန်နစ်က ဖွင့်ဟခဲ့ပါတယ်။ မန်ယူဟာကိုဗစ်ကူးစက်မှုကြောင့် ပွဲစဉ်တ ချို့ကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီး အခုမှ ပြန်ကစားရမှာ ဖြစ်ပါတယ်။

မန်ယူ ကွင်းလယ်လူ မာတစ်က ဒီရာသီ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလား ယူနိုင်ဖို့ ပစ်မှတ်ထားတဲ့ အပြင် ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဝင်အောင်လည်း လုပ်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်က သူ့အနေနဲ့ ကစားသမားဘဝကနေ အနားယူသွားရင် နည်းပြတစ်ယောက်ဖြစ်လိုကြောင်း၊ နည်းပြလောကထဲဝင်ရောက်နိုင်ဖို့ အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်လျက် ရှိနေကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

မန်ယူအနေနဲ့ ပစ်မှတ်ထားနေတဲ့ မာဆေးကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ စီးရီးအေကလပ် အေစီမီလန်နဲ့ ပြိုင်ခေါ်သွားရမှာ ဖြစ်ပါတယ်။ မန်ယူနည်းပြ ရန်နစ်အနေနဲ့ ကွင်းလယ်ပိုင်းကို အဓိကအားဖြည့်လိုနေပြီး လာမဲ့နွေမှာ အလွတ်နဲ့ ခေါ်ယူနိုင်မဲ့ ကာမာရာကို ချိန်ရွယ်နေတာ ဖြစ်ပါတယ်။

မိုနာကို အားကစားဒါရိုက်တာ မစ်ချယ်က မန်ယူပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ကြယ်ပွင့် ကွင်းလယ်လူ ချူဝါမန်နီ ကို ရောင်းချသွားမှာ မဟုတ်ကြောင်း၊ တကယ်လို့ ရာသီကုန်မှာ ရောင်းချရမယ်ဆိုရင်လည်း သူ့ရဲ့စာချုပ်ဟာ ၂၀၂၄ အထိ ကျန်ရှိနေသေးတဲ့အတွက် လုံးဝဈေးသက်သာမှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။

မန်ယူအသင်းမှာ ဒဏ်ရာရ ကစားသမားက လောလောဆယ် ပေါ့ဘာ တစ်ယောက်သာ ကျန်ရှိပြီး ပေါ့ဘာကတော့ နောက်တစ်လလောက် နားရဖွယ် ရှိနေပါသေးတယ်။

ချဲလ်ဆီး တိုက်စစ်မှူး ပူလီဆစ်က ပရီးမီးယားလိဂ်မှာ သူ ရင်ဆိုင်ရ အခက်ခဲဆုံးပြိုင်ဘက်မှာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒို ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “စီရော်နယ်ဒိုကို ဆန့်ကျင်ဖို့တော့ ခက်ခဲမှာပါ။ ဒါပေမဲ့ပရီးမီးယားလိဂ်မှာ ထိပ်တန်း ကစားသမားများစွာရှိပါတယ်။ စီရော်နယ်ဒိုဟာ အကောင်းဆုံးတွေထဲက တစ်ယောက်ပါ”လို့ ပူလီဆစ်က ဆိုခဲ့ပါတယ်။

မန်ယူကွင်းလယ်လူ မာတစ်က သူတို့အနေနဲ့ ၁၆ ရက်လောက် ပွဲစဉ်တွေ ကစားရခြင်း မရှိခဲ့ပြီးနောက် နယူးကာဆယ်နဲ့ ပွဲကို ရင်ဆိုင်ကစားဖို့ မစောင့်နိုင်အောင် ဆန္ဒပြင်းပြနေကြောင်း၊ တစ်ခါတစ်လေမှာ အနားယူတာ ကောင်းပေမဲ့ ကိုဗစ်ကြောင့် နားရတာက အချိန်ကောင်း မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။