ဂိုးပြတ်နိုင်ပွဲတွေ ရတဲ့ အာဆင်နယ်၊ စီးတီး၊ ချယ်ဆီး၊ မာရှယ်၊ ဟာဇက်တို့နဲ့ ယနေ့ နံနက်ခင်း ပွဲပြီး သတင်းများ
ဒီနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ချဲလ်ဆီးက ဗီလာကို အဝေးကွင်းမှာ ၁-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ဘရိုက်တန်ကလည်း ဘရတ်ဖို့ဒ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ဒါ့အပြင် အခြားအသင်းကြီးတွေ ဖြစ်ကြတဲ့ အာဆင်နယ်ကလည်း နော့ဝှစ်ချ်ကို ဝ-၅ နဲ့ လည်းကောင်း၊ စပါးကလည်း ပဲလေ့စ်ကို ၃-၀ နဲ့လည်းကောင်း ၊ မန်စီးတီးကလည်း လက်စတာကို ၆-၃ နဲ့ လည်းကောင်း အသီးသီး နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြတာ တွေ့ရပါတယ်။

အာဆင်နယ် အတွက်အတော့ ၅ဂိုးပြတ်တာ အပြင် ၅ပွဲဆက် နိုင်ပွဲရတာလည်း ဖြစ်လာပါတယ်။ အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ နော့ဝှစ်ချ်အသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲအတွင်း အသင်း ကွင်းလယ်ပိုင်းကို စိုးမိုး ထိန်းချုပ်နိုင်ခဲ့တဲ့ အိုဒီဂတ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ် အသင်းဟာ ယခုပွဲကို ကစားနိုင်ခဲ့ပေမယ့် ၎င်းတို့အသင်းမှာ ကစားသမား ၃ ဦးကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ရှေ့လာမယ့် ဝုဗ်နဲ့ ပွဲကို ရွှေ့ဆိုင်းခံထားရကြောင်း သတင်းရရှိပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ တူချယ်ကတော့ ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားပေးပြီး သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ လူကာကူရဲ့ ပြန်လည် ကြံ့ခိုင်မှုရှိလာတဲ့ အနေအထားအပေါ် အားရကျေနပ်နေပြီး ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
လီဗာပူးဟာ နောက်နွေရာသီမှာ ဂျူ့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲမှာ ဦးဆောင်နေပြီး အင်္ဂလန် လူငယ်လေးကို ခေါ်ယူလိုတယ်ဆိုရင် ကလပ်စံချိန်တင်ကြေး ပေးရဖို့ ရှိနေပါတယ်။
မန်စီးတီးဟာ ဇန်နဝါရီမှာ နေသန် အကီကို အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ် မရှိပါဘူး။ ဒုတိယရာသီဝက်မှာ ခံစစ် အင်အားကို မြှင့်တင်ချင်နေတဲ့ ဝက်စ်ဟမ်းကတော့ အဆိုပါ စွယ်စုံရ နောက်ခံလူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ အာဆင်နယ် အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး မိတ်လန်း နီးလက်စ်ကို ကနဦး ၆ လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း သတင်းရရှိပါတယ်။
နောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ယခုလာမယ့် ဇန်နဝါရီမှာ မာရှယ်လ်ကို အသင်းပြောင်းရွှေ့ဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ လိဒ်စ်ကြယ်ပွင့် ရာဖင်ညာကို ဇန်နဝါရီမှာ ပေါင် ၄၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဘိုင်ယန်ဟာ စာချုပ်သစ် ဆွေးနွေးမှုတွေ ကြန့်ကြာနေတာကြောင့် အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိတဲ့ ကင်စလေကိုးမန် နေရာမှာ အစားထိုးဖို့ ရာဖင်ညာကို ရည်မှန်းထားတာပါ။
ချဲလ်ဆီး အသင်းတောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ကတော့ လက်ရှိ ပရီးမီးယားလိဂ် ကစားသမားတွေအနက် လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလာကသာ အကောင်းဆုံး ဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

လက်စတာအသင်းကို ကနဦး အစောပိုင်း ၄ ဂိုးပြတ် ဦးဆောင်ထားနေချိန်မှာ ပြိုင်ဘက်ရဲ့ ၃ ဂိုးဆက်တိုက် ချေပခြင်း ခံခဲ့ရတဲ့ မန်စီးတီး အသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ ယခုပွဲဟာ အတော်လေး အန္တရယ်များလွန်းခဲ့ကြောင်း ပွဲအပြီး ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဘယ်ဂျီယံတိုက်စစ်သမား ဟာဇက်နဲ့ လိုင်လီအသင်းရဲ့ ကနေဒါ တိုက်စစ်သမား ဂျိုနသန် ဒေးဗစ်တို့ကို အလဲအထပ်လုပ်ဖို့ ပြင်သစ်ကလပ်ကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။