ဇန်နဝါရီမှာ လီဗာပူးအသင်း ခေါ်ယူသင့်တဲ့ တိုက်စစ်မှူးကို ပေါမာဆန် တိုက်တွန်း
လီဗာပူးဟာ လာမယ့် အာဖရိက နေးရှင်းဖလားကာလအတွက် အစားဝင် ကစားပေးနိုင်ဖို့ ဝုဗ် တိုက်စစ်မှူး ရာအူး ဂျီမီနက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားသင့်တယ်လို့ စကိုင်းစပေါ့ သုံးသပ်သူ ပေါလ်မာဆန်က တိုက်တွန်းလိုက်ပါတယ်။
လီဗာပူးဟာ ကင်မရွန်းမှာ ကျင်းပမယ့် အာဖရိက ဖလားပြိုင်ပွဲအတွက် ဆာလာ၊ မာနေးနဲ့ ကိတ်တာတို့ကို ဇန်နဝါရီတစ်လလုံး ဆုံးရှုံးထားရမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီး၊ ချယ်ဆီးတို့နဲ့ ယှဉ်ပြိုင်နေတာဖြစ်သလို ဆာလာနဲ့ မာနေးတို့ မရှိတာက ယာဂန်ကလော့ပ်အတွက် ကြီးမားတဲ့ ထိုးနှက်မှုတစ်ခု ဖြစ်စေမှာပါ။
လီဗာပူးဟာ ဇန်နဝါရီမှာ နောက်ထပ် လူသစ်ခေါ်ယူမှုတွေ လုပ်လာမယ်လို့ မထင်ရပေမယ့် ပေါလ်မာဆန်ကတော့ အာဖရိကဖလားကာလနဲ့ အနာဂတ်အတွက် ဂျီမီနက်ဇ်ဟာ အသင့်တော်ဆုံး ခေါ်ယူမှုတစ်ခု ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“လီဗာပူးဟာ ဇန်နဝါရီမှာ ရာအူးဂျီမီနက်ဇ်လို ဗဟိုတိုက်စစ် ကစားသမားတစ်ယောက် ခေါ်ယူဖို့ လိုအပ်တယ်။ ဒါက အာဖရိက နေးရှင်းဖလားအတွက် ကာဗာအနေနဲ့တင် မဟုတ်ပါဘူး။ ဆာလာနဲ့ မာနေးတို့ မရှိချိန်မှာ အစားဝင်ပေမယ့်သူ တစ်ယောက်ယောက်ကို လိုအပ်တာ မှန်ပေမယ့် အနာဂတ်အတွက်လည်း တိုက်စစ်သမားတစ်ဦး ခေါ်ယူဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။
တိုက်စစ်သုံးယောက်ကို ဖိအားပေးနိုင်ပြီး နောက်နှစ်အနည်းငယ်အတွင်း ပုံမှန် လိဂ်ဖလားတွေ အောင်မြင်အောင် ကူညီပေးနိုင်မယ့် ကစားသမားတစ်ယောက် လိုအပ်တာပါ။ နောက် ငါးနှစ်အတွက်ကို နောက်မှစဉ်းစားမယ်လို့ လုပ်လို့မရဘူး။ ဒီယိုဂို ဂျိုတာနဲ့ ဖာမီနိုတို့က သိပ်ကောင်းတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် ကလပ်ဟာ သင့်တင့်ကောင်းမွန်တဲ့ ဗဟိုတိုက်စစ်မှူးတစ်ယောက် လိုအပ်နေတုန်းပဲ။
ဂျီမီနက်ဇ်ကို ခေါ်ယူရင် ကောင်းမယ်လို့ ထင်ပါတယ်။ သူက အပတ်တိုင်း ကစားဖို့ လိုအပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကစားချိန်တော့ ရလိမ့်မယ်။ လီဗာပူးက တစ်ရာသီအတွင်း ပွဲတွေအများကြီး ကစားရတယ်လေ။ သူက မတူညီတဲ့ တစုံတခုကို ပေးနိုင်မှာပါ ” လို့ မာဆန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ မနှစ်က စက်တင်ဘာမှာ ဝုဗ်ကို ကျူးကျော်ကာ ဂျိုတာကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီ့တုန်းကတော့ ဂျီမီနက်ဇ်ဟာ ခေါင်းကွဲဒဏ်ရာနဲ့ ပွဲအများစုကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်မှာ ဂျိုတာနဲ့ ဂျီမီနက်ဇ်တို့ တွဲကစားခဲ့ဖူးတာကြောင့် လီဗာပူးမှာလည်း သူတို့ဟာ ကောင်းမွန်တဲ့ တွဲဖက်မှုတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ မာဆန်က ယုံကြည်နေတာပါ။
“ဂျီမီနက်ဇ်က ဂိုးတွေပိုသွင်းနိုင်တဲ့ တဆင့်မြှင့်ထားတဲ့ ဖာမီနို ဗားရှင်းပါ။ သူက ဝုဗ်မှာ ဂျိုတာနဲ့အတူ အချိန်တစ်ခုကြာ အတူကစားခဲ့ပါတယ်။ သူ့မှာ လိုအပ်တဲ့ အရည်အချင်းအားလုံး ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်မှာပါ။
သူက လီဗာပူးကို ရောက်လာပြီး အပတ်တိုင်း မကစားရလို့ ပေါက်ကွဲနေမယ့်သူ မဟုတ်ပါဘူး။ ဒါက လီဗာပူး လိုအပ်နေတဲ့ အရာပါပဲ ” လို့ မာဆန်က ပြောပြခဲ့တာဖြစ်ပါတယ်။