စိတ်ပျက်နေတဲ့ ရော်ဂျာ၊ ဒီဂျောင်နဲ့ အာဆင်နယ်၊ နဗီးလ် ဝေဖန်မှုများ၊ အိုဒွိုင်းရဲ့ စံချိန်သစ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ နုယူးကာဆယ်နဲ့ပွဲမှာ မန်ယူကစားသမားတွေရဲ့ပထမပိုင်းကစားပုံကို ဝေဖန်ခဲ့ပြီး မန်ယူအနေနဲ့ ပထမိုင်းမှာ ဘာတစ်ခုမှ ရေရေရာရာ လုပ်ပြနိုင်ခြင်း မရှိကြောင်း၊ ဒါက အလွန်ဆိုးရွားတဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး အခြေခံတွေတောင် အားနည်းခဲ့ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ သူ့အနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကို အာဆင်နယ်မှာ တွေ့မြင်လိုကြောင်း၊ ဒီဂျောင်ဟာ အာတီတာရဲ့ပုံစံနဲ့ လိုက်ဖက်သူဖြစ်ပြီး ပါတေးနဲ့တွဲကစားရင် တောက်ပမှာဖြစ်ကြောင်း အကြံပြုတိုက်တွန်းခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မူှး ဆာလတ်က လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ မန်ယူ နောက်ခံလူဟောင်း ဆီဗက်စတာက ဆိုလိုက်ပါတယ်။ ဘလွန်းဒီအော သတ်မှတ်ချက်မှာ ဆာလတ်က အဆင့်၇ နေရာဆိုပေမဲ့ လက်ရှိပုံစံအရ ထိပ်တန်း ၃ ယောက်စာရင်းထဲမှာ ပါသင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က သူ့အနေနဲ့ ဗီလာနဲ့ပွဲမှာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ကြားထဲကနေ တိုက်စစ်မှူး လူကာကူကို အရဲစွန့် အသုံးပြုခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လူကာကူဟာ စွမ်းဆောင်ရည်ကောင်းပြခဲ့ပေမဲ့ ဒါကသူ့အတွက် မမျှတကြောင်း တူချယ်က ဝန်ခံခဲ့ပြီး လူကာကူဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်သူဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲစဉ်အပြီး ၅၁ နာရီအတွင်း လီဗာပူးနဲ့ ထပ်ကန်ရမဲ့အဖြစ်ကို လက်စတာနည်းပြ ရော်ဂျာက စိတ်ပျက်နေပြီး ဒါက ရူးချင်စရာကောင်းတဲ့ ပွဲစဉ်ဇယားဖြစ်ကြောင်း၊ ပွဲတစ်ပွဲပြီးနောက် ၇၂ နာရီအတွင်း ကစားသမားတွေဟာ ကြံ့ခိုင်မှု အပြည့်အ၀ မရရှိနိုင်ဘူးလို့ ညဉ်းတွားခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက အူဘာမီယန်ကို အသင်းခေါင်းဆောင် ရာထူးကနေ ရပ်စဲလိုက်တဲ့ အာတီတာ ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး ဒါကရဲရင့်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ကြောင်း၊ လက်ရှိ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရင် ကစားသမားတွေကလည်း ဒီဆုံးဖြတ်ချက်ကို သဘောတူညီတယ်ဆိုတာ မြင်တွေ့ ရနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းကတော့ ဗီလာကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာဂျန်ရော်ဘင်ရဲ့စံချန်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒါကတော့ အိုဒွိုင်းဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြည့်မြောက်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်ကစားသမား ဖာရန်တောရက်စ်ဟာ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာနဲ့ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ကြောင်း Goal က ဖော်ပြထားပါတယ်။ ဘာစီလိုနာဟာ ဖာရန်တောရက်စ်ကို ယူရို ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့တာဖြစ်ပြီး ဇန်နဝါရီမှာပဲ ပြောင်းရွှေ့မှာပါ။

ဂယ်ရီနဗီးလ်ကတော့ နယူးကဆယ်နဲ့ပွဲအပြီး ဒေါသထွက်ကာ အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တဲ့ တိုက်စစ်မူှး စီရော်နယ်ဒိုရဲ့ အပြုအမူကို ဝေဖန်ခဲ့ပြီး စီရော်နယ်ဒိုဟာ ဒီရာသီမှာ အဲဒီလိုမျိုးအပြုအမူတွေ ခဏ ခဏပြုလုပ်လေ့ ရှိကြောင်း၊ ဒါက လူငယ်တွေအမြင်မှာ ကောင်းမွန်တဲ့ အပြုအမူ မဟုတ်ကြောင်း၊ ဘာပဲပြောပြော ပွဲအပြီးမှာ ပရိသတ်တွေ ကို နှုတ်ဆက်ရမှာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ဟာ ဘန်လေနောက်ခံလူ တာကောစကီးကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြကြောင်း The Sun က ဖောြ်ပထားပါတယ်။ ဒါပေမဲ့ ဘန်လေကတော့သူတို့ရဲ့ အဓိကနောက်ခံလူကိုနည်းပါးတဲ့ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားမှာ မဟုတ်ပါဘူး။