ရှုံးပွဲတွေ့သွားတဲ့ လီဗာပူး၊ အသင်းမပြောင်းဖြစ်သေးတဲ့ ဘတ်ပီ၊ ကော်တင်ဟိုနဲ့ ယနေ့ နံနက်ခင်း သတင်းများ
ညက လက်စတာနဲ့ လီဗာပူး တို့ရဲ့ ပွဲစဉ်မှာတော့ လက်စတာ အသင်းက လူစားဝင် ကစားသမား လွတ်ခ်မန်းရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့အတူ ၁-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူး ကတော့ အစောပိုင်းတုန်းက ရရှိခဲ့တဲ့ ပင်နယ်တီအခွင့်အရေးကို ဆာလတ်ခ်ျတစ်ယောက် အသုံးမချနိုင်ခဲ့တာကြောင့် နစ်နာခဲ့ပါတယ်။
ဒါ့အပြင် အခြားပွဲစဉ်တွေမှာ ပဲလေ့စ်က နော့ဝှစ်ခ်ျကို ၃ ဂိုးပြတ် အနိုင်ရခဲ့သလို ဝက်စ်ဟမ်းကလည် ဝက်ဖို့ဒ်ကို ၁-၄ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ကြပြီး ဆောက်သမ်တန်နဲ့ စပါးတို့ကတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ကြကြောင်း သိရပါတယ်။
လက်စတာအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ လီဗာပူး အသင်းနည်းပြ ကလော့ပ်က ၎င်းတို့အနေနဲ့ ဒီပွဲမှာ အတော်လေး ဆိုးရွားတဲ့ ခြေစွမ်းတွေ ပြသခဲ့ကြကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

လာမယ့် ၃၁ ရက်နေ့ ကစားဖို့ စီစဉ်ထားတဲ့ အဲဗာတန်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲကို ကိုဗစ် ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေ ကြောင့် ဆက်လက် ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိပါတယ်။
စပါးအသင်းနည်းပြ ကွန်တီကတော့ မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ၁၀ယောက်ကျန် အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်ကို အနိုင်မရခဲ့တဲ့အတွက် အတော်လေး စိတ်ပျက်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သတင်းတွေအရ သိရပါတယ်။ ကော်တင်ဟိုဟာ ဇန်န၀ါရီမှာ ဘာစီလိုနာကနေ ထွက်ခွာမှာဖြစ်ပြီး သူ့ကိုယ်စားလှယ်တွေက လန်ဒန်ကို လာရောက်ကာ အာဆင်နယ်နဲ့ ဆွေးနွေးမှာဖြစ်ကြောင်း ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။
မန်ယူနောက်ခံလူဟောင်း ဂယ်ရနဗီးလ်က ရန်နစ်ဟာ မန်ယူနဲ့လိုက်ဖက်တဲ့နည်းပြမျိုးမဟုတ်ကြောင်း၊ မန်ယူရဲ့ အမြဲတမ်းနည်းပြရာထူးအတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကသာ အသင့်တော်ဆုံးဖြစ်ကြောင်း၊ပိုချက်တီနိုဟာ ပရီးမီးယားလိဂ် အတွေ့အကြုံလည်းရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်း တိုက်စစ်မှူး အမ်ဘတ်ပီ တစ်ယောက် လာမယ့် ဇန်နဝါရီအတွင်း ရီးရဲလ်ထံ ပြောင်းရွှေ့ဖြစ်ဖွယ် မရှိသေးပဲ အချိန် ထပ်မံ စောင့်ဆိုင်းသွားဖို့ ရှိနေကြောင်း သတင်းများအရ သိရပါတယ်။
မန်စီးတီးကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့နိုင်ခဲ့ပြီ ဖြစ်တဲ့ ဖာရန်တောရက်စ်ကတော့ ယခုအပြောင်းအရွှေ့ဟာ ၎င်းဘဝ အတွက် အကြီးမားဆုံး ခြေလှမ်း တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။