ဘာကာ ပြောင်းချင်တဲ့ ဒိုလေး၊ ဇန်နဝါရီမှာ ရောက်လာဖွယ် ၃ဦး၊ ထွက်ခွာဖွယ် ၅ ဦး နဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက်မှာ မပျော်ရွှင် ဖြစ်နေတဲ့ စီ ရော်နယ်ဒိုဟာ ဘာစီလိုနာ သို့ ပြောင်းရွှေ့ဖို့ ပီကေးထံ ချိတ်ဆက် မေးမြန်းထားကြောင်း အံ့ဖွယ် သတင်းထွက်ပေါ်လာပါတယ်။
မန်ယူအနေနဲ့ ဒီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်တဲ့ ကစားသမား ၃ ဦး အဖြစ် အာဂျင်တီးနားကြယ်ပွင့် တိုက်စစ်မူှး ဂျူလီယန် အယ်ဗာရက်ဇ်၊ မာဆေးကွင်းလယ်လူ ကာမာရာနဲ့ လိုက်ပဇစ်ကွင်းလယ်လူ ဟိုင်ဒါရာတို့ကို မီထရို သတင်းဌာနက ရွေးချယ်ထားပါတယ်။
မန်ယူအသင်းဟာ ပွဲစဉ်တွေအတွင်း ဖန်တီးမှုနည်းပါးနေခြင်းဟာ စိုးရိမ်စရာပဲ လို့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ထောက်ပြလိုက်ပြီး နောက်ဆုံး ၃ ပွဲမှာ ၁၁ ဂိုးခွင့်ပြုခဲ့ရတဲ့ နယူးကာဆယ်ကိုတောင် မန်ယူအနေနဲ့ အခွင့်အရေး နည်းပါးခဲ့တယ်လို့ သုံးသပ် ဝေဖန်ခဲ့ပါတယ်။

ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကို ဝေဖန်ခဲ့ပြီး စီရော်နယ်ဒိုအနေနဲ့ ကိုယ်တိုင် ဂိုးသွင်းဖို့လောက်သာ ကြည့်သူဖြစ်ပြီး အသင်းဖော်တွေကို ဂရုမစိုက်ကြောင်း၊ စီရော်နယ်ဒိုဟာ အသင်း ဟန်ချက်ကို ပျက်ပြား စေပြီး သူ့ကြောင့် ဂရင်းဝုဒ်၊ ဆန်ချိုတို့ပါ ရုန်းကန်နေရကြောင်း ဝေဖန်ခဲ့ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတဲ့ ကစားသမား ၅ ဦး ကတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီနဲ့ မာရှယ်လ်၊ ကွင်းလယ်လူ ပေါ့ဂ်ဘာ၊ လင်ဂတ်နဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်တို့ ဖြစ်ကြောင်း မီထရို သတင်းက ဆိုပါတယ်။
မန်ယူ နောက်ခံလူ မက်ဂွဲရားက လေ့ကျင့်ရေးကွင်း ပိတ်ခဲ့ရပြီး ကိုဗစ်ကြောင့် ၁၆ ရက်လောက် နားခဲ့ရတာက သူတို့ အဆင်မပြေခဲ့ဘဲ ပြန် ပွဲကစားရချိန်မှာ ရလဒ်မကောင်းခဲ့ဘူးလို့ နယူးကာဆယ်နဲ့ ပွဲရလဒ် အတွက် ဆင်ခြေ ပေးခဲ့ပါတယ်။

လေဗာကူဆင် အားကစား ဒါရိုက်တာ ဗော်လာကတော့ သူတို့ရဲ့ကြယ်ပွင့် ကစားသမား ဖလိုရီယန်ဝက်ဇ်နဲ့ မန်ယူတို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဖလိုရီယန်ဝက်ဇ်ကို ရောင်းချမှာ မဟုတ်ဘဲ ၎င်းက ကိုင်ဟာဗက်ဇ်လို ကစားသမားမျိုး ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
မန်ယူ တိုက်စစ်မူှး မေဆန် ဂရင်းဝုဒ်ဟာ သေချာဂရုစိုက် ကိုင်တွယ်မယ်ဆိုရင် ထိပ်တန်းအဆင့်ကို ရောက်လာနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ထောက်ခံလိုက်ပြီး ဂရင်းဝုဒ်ဟာ မမျှော်လင့်တဲ့ အရည်အသွေး ကောင်းတွေ ပိုင်ဆိုင်ထားသူ လို့ မှတ်ချက်ပြုခဲ့ပါတယ်။