ချဲလ်ဆီး သရေ၊ စီးတီး အနိုင်၊ တူချယ်ရဲ့ စိတ်ပျက်မှု၊ ဂွာဒီယိုလာ ပြောစကားနဲ့ ယနေ့ နံနက်ခင်း သတင်းများ
ညက ပရီးမီးယားလိဂ် ပွဲတွေမှာ မန်စီးတီးက ဘရန့်ဖို့ဒ်ကို ၁-ဝ နဲ့ အနိုင်ယူပြီး ၃ မှတ်ပြည့် ယူသွားခဲ့ပေမယ့် ချဲလ်ဆီးကတော့ နောက်ဆုံးမိနစ် ပေးဂိုးကြောင့် ဘရိုက်တန်ကို ၁-၁ နဲ့ သရေကျကာ အမှတ် ထပ်လျော့ခဲ့ပြန်ပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ဘရိုက်တန်နဲ့ပွဲစဉ်က ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသထွက်နေပြီး သူတို့အနေနဲ့ ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင်တဲ့ အခွင့်အရေး ရခဲ့ပေမဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေက ထိတ်လန့်ဖွယ်ရာ ပဲလို့ ဆိုခဲ့ပါတယ်။

အာဆင်နယ် အသင်း နည်းပြ အာတီတာအနေနဲ့ လက်ရှိမှာ ကိုဗစ်ကူးစက်နေရတာကြောင့် လာမယ့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကို ကြီးကြပ်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ရီးရဲလ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကော်တွိုက်စ်၊ ကာမာဗင်ဂါ၊ ဗယ်ဗာဒီ နဲ့ ဗီနီးရှပ် ဂျူနီယာတို့အားလုံး ကိုဗစ် ကူးစက်မှုခံနေရတယ်လို့ ရီးရဲလ်အသင်းက ကြေငြာသွားခဲ့ပါတယ်။
ကိုဗစ်ကူးစက်ခံနေရမှုဟာ လတ်တလေ အင်္ဂလန်မှာသာမက စပိန်ကိုပါ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ကစားသမား ၃ဦးဖြစ်တဲ့ ဒမ်ဘီလီ၊ ဂါဗီနဲ့ အမ်တီတီ တို့ ၃ ဦးစလုံး ကိုဗစ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
ချဲလ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီအနေနဲ့ လက်ရှိမှာ ချဲလ်ဆီးလူငယ်အကယ်ဒမီရဲ့ နည်းပြချုပ်အဖြစ် ဆောင်ရွက်ဖို့ ချဲလ်ဆီးအသင်းထံ တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြက္ဒဒိန်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နိုင်ပွဲ အများဆုံး အသင်း ဖြစ်လာတဲ့အပေါ် “ဒီနှစ်က ဘယ်လောက်တောင် ကောင်းခဲ့သလဲဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကျွန်တော်တို့က ပရီးမီးယားလိဂ် ရခဲ့တယ်။ ကာရာဘောင်ကိုရခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲရောက်ခဲ့တယ်။ ဒီလို အောင်မြင်မှုတွေက တစ်ညတည်းနဲ့ဖြစ်လာတာတော့ မဟုတ်ပါဘူး။ ၃၆၅ ရက်စလုံးခြေစွမ်း တည်ငြိမ်မှုရှိခဲ့လို့ပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဒိုင်ယွန်က နောက်ခံလူ တိုမီယာဆုဟာ အာဆင်နယ်အတွက် ခမ်းနားတဲ့ ခေါ်ယူမှု ဖြစ်ကြောင်း၊ တိုမီယာဆုဟာ ကွင်းလယ်နဲ့ ချိတ်ဆက်ပုံကောင်းသလို တိုက်စစ် အတွက်လည်း အထောက်အကူပြုသူ ဖြစ်ကြောင်း၊ နောက်ပြီး အမြင့်ဘောလည်း ကောင်းမွန်သူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။
စပါးအနေနဲ့ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒင်း ဟန်ဒါဆန်ရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဟန်ဒါဆန်ဟာ ပွဲကစားခွင့်ပျောက်ဆုံးနေခြင်းအပေါ် စိတ်ပျက်နေပြီး မန်ယူကနေ ထွက်ခွာလိုနေတာပါ။
ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက သူ့အနေနဲ့ ကစားသမားဘဝမှာ မက်ဆီနဲ့ တွဲကစားခွင့်ရခဲ့တယ်ဆိုတာ သူငယ်ချင်းတွေ၊ ကလေးတွေကို ပြန်ပြောပြနိုင်တာ လုံးဝခမ်းနားပြီး ကျေနပ်စရာကောင်းကြောင်း၊ ပဲရစ်မှာမက်ဆီကို ကြည့်ရတာ ကျေနပ်ဖွယ်ကောင်းပြီး ဘောလုံးသမိုင်းရဲ့ အံ့အားသင့်ဖွယ် အခိုက်အတန့်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူအသင်းကတော့ အသင်းရဲ့ တောင်ပံကစားသမား မာရှယ်ကို ခေါ်ယူဖို့ ဆီဗီလာအသင်းရဲ့ ကမ်းလှမ်းမှုအပေါ် ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဘွန်ဒက်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်ကစားသမား ဇာကာရီယာအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့် နွေရာသီကျရင်အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့ အတည်ပြု သွားခဲ့ပါတယ်။