၈ ပွဲဆက် ရှုံးပွဲ မရှိ မန်ယူ၊ ချဲလ်ဆီး မပျော်တော့ဘူး ဆိုတဲ့ လူကာကူနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်ချက်စတာ ယူနိုက်တက် ဟာ ညက ဘန်လေ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ၃ – ၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဂိုးတွေ ကို မက်တော်မီနေး(၈ မိနစ်)၊ လန်နွန် (၃၈ မိနစ်)၊ ဘန်မီး (၂၇ မိနစ်) (OG) နဲ့ ရော်နယ်ဒို (၃၅ မိနစ်) တို့ သွင်းယူခဲ့တာပါ။
ပထမပိုင်းမှာ ဂိုးတွေမြူးခဲ့သလောက် ဒုတိယပိုင်းမှာတော့ မန်ယူ တို့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးမချနိုင် ခဲ့တာကြောင့် ဂိုးတွေကို ထပ်မံမြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ ဆန်ချို၊ လုခ်ရှော၊ မက်တွန်မီနေးတို့ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ခံစစ်ကတော့ အနည်းငယ် တည်ငြိမ်မှု ပျောက်ဆုံးနေတာကြောင့် clean sheet မရခဲ့ပါဘူး။
အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီကတော့ ဘန်လေကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်ယူကွင်းလယ်လူ တွမ်မီနေး နဲ့ ပတ်သတ်ပြီး “ဒီညကတော့ တွမ်မီနေးရဲ့ ပုံစံကောင်းပြတဲ့ညဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ခွန်အားတွေ၊ နိုင်လိုစိတ်ပြင်းပြမှုတွေက မန်ယူလို အသင်းမှာ မြင်တွေ့ချင်တဲ့အရာပါ။ တွမ်မီနေးဟာ ကစားပုံကောင်းခဲ့ပြီး အများကြီးလည်း ရင့်ကျက်လာပါပြီ”လို့ ချီးကျူး ခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ဂျူဗင်တပ်တိုက်စစ်မူှး မိုရာတာကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားလာကြောင်း AS က ဖော်ပြထား ပါတယ်။ ဘာစီလိုနာအနေနဲ့ လာမဲ့အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကိုအားဖြည့်သွားမှာဖြစ်ပါတယ်။
လက်စတာတိုက်စစ်မူှး ဗာဒီအနေနဲ့ လီဗာပူးနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့ကြောင်း နည်းပြ ရော်ဂျာက အတည်ပြုခဲ့ပါတယ်။ “ဗာဒီအနေနဲ့ ၃ ၊ ၄ ပတ်လောက် အနားယူရမှာပါ။ဒါက တံကောက်ကြောဒဏ်ရာပါ။ သူ့အနေနဲ့ အဆင်ပြေပေမဲ့ စကန်ဖတ်ရာမှာတော့ ဒဏ်ရာရကြောင်း ပြနေပါတယ်”လို့ ရော်ဂျာက ဆိုခဲ့တာပါ။
အာဆင်နယ်အနေနဲ့ ဘရိုက်တန်ညာနောက်ခံလူ လန်တေးကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း ဒွန်ကန်က ဆို ထားပါတယ်။ အာဆင်နယ်အနေနဲ့ ညာခြမ်းမှာ တိုမီယာဆုနဲ့ အပြိုင်ဖြစ်စေဖို့ လန်တေးကို ကြိုးပမ်းလျက်ရှိနေပြီး ဘရိုက်တန် ဘက်ကလည်း ဈေးမှန်ရပါက ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။
နှစ်သစ်ကူးရက်မှာ ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာတော့ လက်စတာနဲ့နော့ဝှစ်ချ်တို့ရဲ့ပွဲစဉ်ကို ကိုဗစ်ကြောင့် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီး တိုက်စစ်မူှးလူကာကူက သူ့အနေနဲ့ ကြံ့ခိုင်မှုပိုင်းအရ အဆင်ပြေပေမဲ့ လက်ရှိ ချဲလ်ဆီးမှာဖြစ်နေတဲ့ အခြေအနေကို ပျော်ရွှင်ခြင်း မရှိကြောင်း၊ နည်းပြတူချယ်ရဲ့ system နဲ့ ပတ်သက်ပြီး ပျော်ရွှင်မှုမရှိကြောင်း၊ သူ့အနေနဲ့ အင်တာကနေ ထွက်ခွာပုံနည်းလမ်းမှားယွင်းခဲ့ကြောင်း၊သူ့နှလုံးသားထဲမှာ အင်တာကနေရာယူထားပြီး ပြန်လည် ကစားပေး လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်တဲ့ ကစားသမား ၃ ဦး အဖြစ် လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာ၊ ဝက်စ်ဟမ်း တိုက်စစ်ကစားသမား ဘိုဝင်နဲ့ လိုင်လီကွင်းလယ်လူ ရီနာတိုဆန်းချက်စ် တို့ကို အင်္ဂလန် သတင်းတွေက ရွေးထုတ်ထားပါတယ်။
အာဆင်နယ်အနေနဲ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နည်းပြအဖွဲ့ဝင်တွေ အများအပြား ပါဝင်ဖွယ် မရှိပါဘူး။ အာတီတာအပြင် နည်းပြအဖွဲ့ဝင်တွေပါ ကိုဗစ်ကူးစက်မှုခံထားရကြောင်း တယ်လီဂရပ်ဖ်က ဆိုပါတယ်။
စပါးနည်းပြ ကွန်တီက ထိပ်သီးအသင်းတွေနဲ့ ကွာခြားချက်ကျဉ်းမြောင်းချင်တယ်ဆိုရင် ကစားသမာသစ်တွေကို ခေါ်ယူအားဖြည့်ရမှာဖြစ်ကြော်း၊ အသင်းကို ကိုင်တွယ်တာ ၂ ပတ်လောက် ကြာမြင့်ပြီးကတည်းက ဒီအသင်းက တိုးတက်ဖို့လိုအပ်နေသေးတယ်လို့မိမိအနေနဲ့ ပြောခဲ့ကြောင်း၊ လက်ရှိမှာ ထိပ်သီးတွေနဲ့ ကွာဟချက် ကြီးမားနေပြီး များစွာ အလုပ်လုပ်ဖို့ လိုအပ်နေကြောင်း ဆိုခဲ့ပါတယ်။