အင်တာမီလန်ကနေ ထွက်လာတာ နောင်တတွေ တသီကြီးရနေပြီလို့ ထုတ်ပြောလာတဲ့ ချဲလ်ဆီးတိုက်စစ်မှုး လူကာကူ
လူကာကူဟာ ပြီးခဲ့တဲ့ နွေကမှ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ အင်တာမီလန် အသင်းကနေ ချဲလ်ဆီး အသင်းထံ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။
ချဲလ်ဆီးရဲ့ ဦးစားပေး တိုက်စစ်မှုး ဖြစ်ပေမယ့် ရုန်းကန်ရမှုတွေ ရှိနေတဲ့ လူကာကူ က တယ်လီဂရပ်ဖ်နဲ့ လတ်တလော အင်တာဗျူးမှာ ချဲလ်ဆီး မှာ မပျေ်ာတဲ့အကြောင်းနဲ့ နည်းပြ တူချယ် အပေါ် မကျေလည်မှုတွေ အကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ထိုအင်တာဗျူးမှာ လူကာကူ ဟာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ရဲ့ နည်းစနစ်နဲ့ ကစားဟန် ကို မကြိုက်တဲ့ အကြောင်း ပေါ်တင် ဝေဖန်ခဲ့သလို အသင်းဟောင်း အင်တာမီလန် သို့ ပြန်ပြောင်းချင်တဲ့ အကြောင်း ဝန်ခံခဲ့တာကြောင့် ချဲလ်ဆီး ပရိသတ်တွေကို စော်ကားသလို ဖြစ်စေခဲ့ပါတယ်။

လူကာကူ က ” ကြံ့ခိုင်မှု ရှုထောင့် အရတော့ ကျွန်တော် အေးဆေးပါပဲ။ ဒါပေမယ့် လက်ရှိ ချဲလ်ဆီး အသင်းက အခြေအနေ ကို ကျွန်တော် မပျော်ရွှင်နေပါဘူး။ တူချယ် ဟာ တခြား ကစားကွက် စနစ် တခုနဲ့ ကျွန်တော့ကို အသုံးပြုဖို့ ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ လက်လျှော့သွားမှာ မဟုတ်ပါဘူး။ ဒါကို ပရော်ဖက်ရှင်နယ် ဆန်ဆန် ပြုမူမှာပါ။
အခုအချိန်မှာ ကျွန်တော် အရှုံးပေးလို့ မဖြစ်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအရွှေ့ ဇာတ်လမ်း ဟာ တကယ်တမ်း အဲလို ဖြစ်လာဖို့ မသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။
အင်တာကို စွန့်ခွာခဲ့တဲ့ ပုံစံ၊ အင်တာ ပရိသတ်တွေကို ချိတ်ဆက်ခဲ့တဲ့ ပုံစံ၊ ဒါတွေက ကျွန်တော့ကို အနည်းနဲ့ အများ စိတ်ကွက်စေခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ မှန်ကန်တဲ့ အချိန် မဟုတ်ခဲ့လို့ပါ။
အခုမှ ဒီ ခံစားချက်တွေကို ပြန်မျှဝေပေးဖို့ အချိန်ကျလာတာပါ။ အင်တာ ဟာ ကျွန်တော့ရဲ့ နှလုံးသား တထောင့် တနေရာမှာ အမြဲ ရှိနေတဲ့ အကြောင်း ကျွန်တော် ပြောဖူးပါတယ်။ အင်တာကို ပြန်လာနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ် ။ အီတလီ ကို ကျွန်တော် တကယ် ချစ်ပါတယ်။
ကစားသမား ဘဝ မပြီးဆုံးခင်မှာ ကျွန်တော် အင်တာကို ပြန်လာဖို့ ရင်တွင်းထဲကနေ တကယ် လှိုက်လှိုက်လှဲလှဲ ဆန္ဒ ရှိတယ်။ ထိပ်တန်း ခြေစွမ်း အဆင့်မှာ ရှိနေတုန်း သူတို့နဲ့ အတူ ဆုဖလားတွေ အများကြီး ဆွတ်ခူးချင်ပါသေးတယ်။
အင်တာ ပရိသတ်တွေကို ကျွန်တော် တောင်းပန်လိုပါတယ်။ ကျွန်တော့ရဲ့ စကားလုံးတွေက ချိန်သားမကိုက်ခဲ့ဘူး ဆိုတာကိုပေါ့ ။ ခင်ဗျားတို့ရဲ့ အားပေးမှုက ကျွန်တော့ ရင်ထဲမှာ အမြဲ ရှိနေမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။
လူကာကူ ဟာ ရာသီ အစပိုင်းတုန်းက ဂိုးတွေ တရစပ် မြူးခဲ့ပေမယ့် ဒဏ်ရာ မရခင် အနီးတဝိုက် ကာလမှာ ၇ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့ပြီး ယုံကြည်မှု အချို့ လျော့ကျခဲ့ပါတယ်။ ဒဏ်ရာက ပြန်လာပြီး သိပ်မကြာခင်မှာပဲ ကံဆိုးစွာနဲ့ ၎င်းဟာ ကိုဗစ် ပေါ့စတစ် ဖြစ်ခဲ့သေးပါတယ်။