လူကာကူရဲ့ အချိုးမပြေတဲ့ အင်တာဗျူး အပေါ် တုန့်ပြန်လာပြီ ဖြစ်တဲ့ ချဲလ်ဆီးနည်းပြ တူချယ်

ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ဟာ လတ်တလောအင်တာဗျူး တခုမှာ လက်ရှိ ကလပ်ရဲ့ အခြေအနေ အပေါ် သူ မပျော်ရွှင်တဲ့ အကြောင်း ဖွင့်ဟခဲ့ပြီး အနာဂတ်မှာ သူ စွန့်ခွာလာတာ နှစ်ဝက်ပင် မပြည့်သေးတဲ့ အသင်းဟောင်း အင်တာမီလန်သို့ ပြန်လည်း ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိကြောင်း ဆိုခဲ့ပါတယ်။

ဒါအပြင် လူကာကူကလက်ရှိ အသင်း နည်းပြ သောမတ်စ် တူချယ်ရဲ့ နည်းစနစ် ရွေးချယ် အသုံးပြုပုံကိုလည်း မနှစ်သက်တဲ့ အကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ဒီ အင်တာဗျူးက ချဲလ်ဆီး ပရိသတ်တွေကို ဒေါသ အကြီးအကျယ် ထွက်စေခဲ့ပြီး နည်းပြ တူချယ်ကတော့ လူကာကူရဲ့ အချိုးမပြေတဲ့ ဒီဖြေကြားမှုတွေ အပေါ် တုန့်ပြန်မှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။

ဒီနေ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ တူချယ် က လူကာကူရဲ့ အင်တာဗျူး ဖြေပုံနဲ့ ပတ်သက်ပြီး ” ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီအင်တာဗျူးကို မနှစ်သက်ကြဘူး။ ဒါက မလိုလားအပ်တဲ့ အသံဗလံတွေကို ယူဆောင်လာစေတယ်။ ဒါပေမယ့် အခြား တဖက်မှာ ကျွန်တော်တို့ဟာ ဒါကို ထပ်ပြီး ပုံကြီး မချဲ့ချင်တော့ပါဘူး။ ”

” ဒီ အင်တာဗျူး က ဘယ်လို ထွက်လာလဲ ဆိုတာ ခင်ဗျားတို့ အားလုံးလည်း ကောင်းကောင်း သိထားကြပြီး ဖြစ်ပါလိမ့်မယ် ။ ဒီလို မှတ်ချက် တခုချင်းစီကို ဆွဲထုတ်ပြီး ၊ ပုံကြီး ချဲ့ဖို့က အရမ်း လွယ်ပါတယ်။ နောက်မှ ဒီ အင်တာဗျူးကို သေသေချာချာ ပြန်ဖတ်ကြည့်တဲ့ အခါ သူ ဆိုလိုတာက ဒီလောက် အဆိုးကြီးလည်း မဟုတ်ပါဘူး။ ”

” ဒါပေမယ့် ရိုးရိုးသားသားပဲ ပြောကြရအောင်။ ကျွန်တော်တို့ ဒါကို မကြိုက်ပါဘူး။ ကျွန်တော်တို့ဟာ ကလပ် အတွင်း တည်ငြိမ်တဲ့ အာရုံကောင်းကောင်း စိုက်လို့ရမယ့် ပတ်ဝန်းကျင် တခုပဲ အလိုရှိပါတယ်။ ဒါတွေက အသင်း အတွက် ဘယ်လိုမှ အထောက်အကူ မပြုဘူး။ ”

” ကျွန်တော့ အမြင်အရတော့ ရိုမီလူ ဟာ ချဲလ်ဆီးမှာ မပျော်ရွှင်နေဘူးလို့ မထင်မိဘူး။ မနေ့ မနက်က အချိန်အထိ ခင်ဗျား ကျွန်တော့ကို သူနဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရလဲလို့ လာမေးရင် ကျွန်တော် က သူ ဒီမှာ ပျော်နေတယ်လို့ပဲ ဖြေမိမှာပါ။

ဒါကြောင့် အခု အင်တာဗျူး က မှတ်ချက် အချို့ကို ကျွန်တော် အံ့သြမိတာ။ ဒါပေမယ့် ကျွန်တော် ဒီ မေးခွန်းကို ဖြေဖို့ မှားယွင်းတဲ့ ပုဂ္ဂိုလ် တဦးပါ။ ”

” လတ်တလော ရလဒ်နဲ့ ပြဿနာတွေက ဒီ အင်တာဗျူးရဲ့ အသံကို ပိုပြီး ကျယ်လောင်သွားစေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလို ခေါင်းစဉ်မျိုးနဲ့ အင်တာဗျူး ထွက်လာတဲ့အခါ ၊ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဒါက ဟော့နေမယ့် အနေအထားပါပဲ။ ”

” အခုလို ခေတ်မျိုးမှာ ခင်ဗျား အနေနဲ့ အင်တာဗျူးတွေကို ရှောင်လွှဲလို့ မဖြစ်နိုင်ပါဘူး ။ အထူးသဖြင့် ခင်ဗျားဟာ ရိုမီလူလို နာမည်ကြီး ကစားသမား တယောက်သာ ဖြစ်ရင် ခင်ဗျားရဲ့ ပြောစကား အားလုံး ဟာ အပြင် အထိ သေချာပေါက် ပေါက်ကြားမှာ ဖြစ်ပါတယ်။ ”

” သူဟာ အတွေ့အကြုံရင့် ကစားသမား တယောက် ဖြစ်ပြီး ဒီလိုမျိုး အင်တာဗျူး ဖြေပုံ ဟာ အပြင်မှာ ဘယ်လို အထိ သက်ရောက်မှု ရှိသွားစေနိုင်လဲ ဆိုတာကို သူ ကောင်းကောင်း သိသင့်ပါတယ်။ ကလပ် က ပန်းခင်းလမ်း လျှောက်နေရတယ် ဆိုရင်တော့ ဒါကို ပိုပြီး လွယ်လွယ်နဲ့ ဖြေရှင်းလို့ရမှာပါ။ ”

” ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ၂ဦး မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း တွေ့ဆုံ ဆွေးနွေးသွားမှာပါ။ ဒါထက် ပိုပြီး ကျွန်တော် အများကြီး မှတ်ချက် မပေးလိုပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ် ။