ချဲလ်ဆီး နောက်နှစ်ပွဲ ပုံမလာရင် လစ်ပြီလို့ လီဗာပူးနဲ့ ပွဲမတိုင်ခင် ခြောက်လှန့်လိုက်တဲ့ မိုက်ကယ်အိုဝင်

ချဲလ်ဆီး အသင်း ဟာ လာမယ့် တနင်္ဂနွေနေ့ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ချန်ပီယံ ပြေးလမ်းကြောင်းက ပြိုုင်ဘက် လီဗာပူး အသင်းကို လက်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် နောက်တပတ်မှာ ဇယားထိပ် က မန်စီးတီး ကို အီတီဟတ်မှာ ရင်ဆိုင်ရမှာပါ။

ဒီပွဲစဉ်တွေဟာ ချဲလ်ဆီးကို ဒီရာသီ ချန်ပီယံလုပွဲမှာ ဆက်လက် တင်ကျန်ဖို့ ရှိမရှိ အဆုံးအဖြတ် ပေးမယ့်ပွဲတွေ ဆိုရင်လည်း မမှားပါဘူး။

လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် ကတော့ ချဲလ်ဆီး အတွက် လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ပွဲဟာ ပရီးမီးယား လိဂ် ချန်ပီယံလမ်းကြောင်း မှာ ဆက်ကျန်မလား ဆိုတာ တိုက်ရိုက် အဆုံးအဖြတ် ပေးမယ့် ပွဲဖြစ်ကြောင်း သုံးသပ်လိုက်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီး အနေနဲ့ လီဗာပူး၊ မန်စီးတီးတို့နဲ့ ဆက်တိုက် ကစားရမယ့် ၂ပွဲကနေ အနည်းဆုံး ၄မှတ် လိုအပ်ကြောင်း သတိပေးလိုက်ပါတယ်။

မိုက်ကယ်အိုဝင် က ” နောက်လာမယ့် ၂ပွဲကနေ ချဲလ်ဆီး ဟာ အနည်းဆုံး ၄မှတ် ယူရမယ်လို့ ခင်ဗျားတို့လည်း သုံးသပ်မိမှာ ဖြစ်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် သူတို့ဟာ ဒီရာသီ ချန်ပီယံလုပွဲ အတွက် ပြိုင်ဆိုင်နေကြတဲ့ ၃သင်းထဲကနေ ပထမဆုံး လွင့်စင်သွားမယ့် အသင်း ဖြစ်သွားပါလိမ့်မယ်။ ”

” လီဗာပူး ဟာ သူတို့ အနောက် တမှတ် အကွာ ရှိနေတယ် ဆိုပေမယ့် တပွဲလျော့ ကစားထားတာ ဖြစ်ပါတယ် ။ ဒီတော့ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ကစားမယ့် ချဲလ်ဆီး – လီဗာပူး ပွဲဟာ သူတို့ အတွက် Title Race မှာ ဆက်ရှိမရှိ အဆုံးအဖြတ် ပေးလုနီးပါး ပွဲလို့တောင် ပြောရပါမယ်။ ”

” အဲဒီပွဲမှာ ရှုံးခဲ့ရင်တောင် လီဗာပူူး ဟာ မန်စီးတီးကို အမှီလိုက်နိုင်မယ့် ပုံစံကောင်းမျိုး ဆက်တိုက် ပြသနိုင်သေးတယ် လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးကတော့ နောက်ထပ် ခြေချော်လို့ မရတော့ပါဘူး။ နောက် ၂ပွဲမှာ သူတို့ အနည်းဆုံး ၄မှတ် ရဖို့ လိုနေပါပြီ။ ” လို့ ပြောကြားခဲ့ပါတယ်။