ကစားသမား မခေါ်သေးမယ့် မန်ယူ၊ ကိုဗစ်တိုးလာတဲ့ လီဗာပူး၊ ကော်တင်ဟို အဲဗာတန်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

ကိုဗစ်ကူးစက်မှုတွေကြောင့် ဖျတ်သိမ်းခံခဲ့ရတဲ့ အချို့သော ပွဲစဉ်တွေကို ယခုလအတွင်းမှာတင် ပြန်လည် ကစားခိုင်းဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။

လီဗာပူးမှာ လက်ရှိအသင်းတွင်း ကိုဗစ်ကူးစက်သူ ၃ ဦးထက်ပိုပြီးရှိနေကြောင်း၊ သီယာဂိုအနေနဲ့လည်း တင်ပါး ဒဏ်ရာ ရနေပြီး အခြအနေက သိပ်မကောင်းကြောင်း နည်းပြကလော့က ဖွင့်ဟခဲ့ပါတယ်။

မန်ယူနည်းပြ ရန်နစ်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖွယ်မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ သူ့ အနေနဲ့ လက်ရှိ ကစားသမားတွေအပေါ်မှာပဲ အာရုံစိုက်ထားပြီး အသင်းမှာ ကစားသမားပိုင်း လုံလောက်မှု ရှိတယ် လို့ ရန်နစ်က ဆိုခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ လူငယ်တွေကို အခွင့်အရေးပေးတာနဲ့ပတ်သက်ပြီး အစောပိုင်းမှာ သူတို့ရဲ့ အတွေ့အကြုံအားနည်းခဲ့လို့ စိုးရိမ်မိခဲ့ကြောင်း၊ အသင်းရဲ့လူငယ်တွေဟာ အခုလိုအဆင့်မျိုးအရင်က မရောက်ဖူးကြောင်း၊ ဒါပေမဲ့ လူငယ်တွေက အကောင်းဆုံးသက်သေပြနိုင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းနောက်ခံလူဟောင်း ဖာဒီနန်ကတော့ အသင်းခေါင်းဆောင် လက်ပတ်ကို မက်ဂွဲရား ထံ ပေးအပ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ဆုံးဖြတ်ချက်ဟာ အလွန် မှားယွင်းခဲ့ကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့ စပါး အသင်းနည်းပြ ကွန်တီကတော့ ၎င်းအသင်း ပုံမှန် အဆင့် ၄ အတွင်း ပြန်လည် ဝင်ရောက် နိုင်ဖို့ နှစ်အတော်ကြာ အချိန်ထပ်မံစောင့်ဆိုင်း ပြင်ဆင်ဖို့ လိုအပ်နေသေးကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

လီဗာပူး အသင်းနည်းပြ ကလော့ပ်ကတော့ ပြိုင်ဘက် မန်စီးတီးအသင်းရဲ့ ယခုရာသီ အမြင့်ပျံသန်းမှုတွေကို ချီးကျူးပြောဆို သွားခဲ့ပေမယ့် အမှတ်ပေးဖလားကို လက်လျှော့သွားမှာ မဟုတ်ကြောင်း ဆိုသွားခဲ့ပါတယ်။

လက်ရှိ ချဲလ်ဆီးမှာ မပျော်မရွှင် ဖြစ်နေကြောင်း ဝန်ခံပြောဆိုခဲ့တဲ့ လူကာကူဟာ ၎င်းရဲ့ အင်တာ အသင်းဖော်ဟောင်း မာတီနက်ဇ် ကိုလည်း အသင်းထံလာရောက် ပြောင်းရွှေ့ မကစားဖို့ တိုက်တွန်း ပြောဆိုမှုတွေ ပြုလုပ်ထားကြောင်း သတင်းရရှိပါတယ်။

အဲဗာတန် အသင်းဟာ ဘာစီလိုနာအသင်း တောင်ပံတိုက်စစ်မှူး ကော်တင်ဟို ကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သတင်းရရှိပါတယ်။ ဘာစီလိုနာ အနေနဲ့ ဇန်နဝါရီမှာ ကော်တင်ဟိုကို ရောင်းထုတ်လို နေပြီး ဘင်နီတက်ဇ်ကလည်း လီဗာပူးကွင်းလယ်လူဟောင်းကို ခေါ်ယူလိုနေတာပါ။

ဂျူဗင်တပ်ကတော့ တိုက်စစ်မှူး မိုရာတာနဲ့ ဒီပေးတို့ အလဲအထပ် ပြုလုပ်ဖို့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဘာစီနည်းပြဇာဗီဟာ စပိန်တိုက်စစ်မှူးမိုရာတာကိုသဘောကျသူဖြစ်ပြီး ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဝက်စ်ဟမ်း နည်းပြ မိုရက်စ်ကတော့ ၎င်းအနေနဲ့ ယခုရာသီကို အဆင့် ၄ နဲ့ ပိတ်သိမ်းနိုင်ဖို့ မဖြစ်မနေ ကြိုးစားသွားရန် လိုအပ် နေကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။