အသင်းပြောင်းချင် လာပြောကြ ဆိုတဲ့ ရန်နစ်၊ ဒိုလေးကို ချန်လှပ် ဆိုတဲ့ အကြံပေးမှုနဲ့ ယနေ့ မန်ယူ သတင်းများ
၀က်စ်ဟမ်းအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ မရေရာတဲ့ အနေအထားတွေကြောင့် မန်ယူအသင်းဟာ ကွင်းလယ်လူ ဒီကလန်ရိုက်ကို ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဝက်ဟမ်းနည်းပြ မိုယက်စ် ကတော့ ရိုက်စ် ကို ရအောင် ဆက်ထိန်းမယ်လို့ ဆိုထားပါတယ်။
မန်ယူ ကစားသမားဟောင်း ပေါလ်အင့်က ကွင်းလယ်လူ တွမ်မီနေးအနေနဲ့ ဒီထက်ပိုပြီး ဂိုးသွင်းနိုင်မယ်ဆိုရင် အလွန် ကောင်းတဲ့ ကစားသမားဖြစ်လာမှာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်က တွမ်မီနေးဟာ မန်ယူရဲ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ယူကြယ်ပွင့် စီ ရော်နယ်ဒိုရဲ့ ရုပ်တုကို အိန္ဒိယနိုင်ငံ ဒေသတစ်ခုမှာ စိုက်ထူထားပေမယ့် ဒေသခံ တချို့က သဘောမကျ ကန့်ကွက်မှုတွေ ရှိနေကြောင်း သိရပါတယ်။

မန်ယူ နည်းပြ ရန်နစ် အနေနဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်သင့်တယ်လို့ ဂန်းနား ဟောင်းကြီး ပေါလ်မာဆင်က အကြံပြုလိုက်ပြီး ကာဗာနီကို ဆန်ချို၊ ရက်ဖို့ဒ်၊ ဂရင်းဝုဒ်တို့နဲ့ တွဲကစားစေတာက မန်ယူကို ပိုပြီး ဟန်ချက်ညီစေမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
မန်ယူအသင်းကို ပြင်းပြင်းထန်ထန် ဝေဖန်မှုပြုလုပ်ခဲ့တဲ့ အသင်းဖော်ဟောင်း နဗီးလ်ရဲ့ ဝေဖန်ချက်တွေကို ဖာဒီနန်က ပြန်တုံ့ပြန်ခဲ့ပါတယ်။ နယူးနဲ့ပွဲမှာ သူတို့ရဲ့စွမ်းရည် ဆိုးရွားခဲ့ပေမဲ့ ၃ ပွဲမှာ ၂ ပွဲ အနိုင်ရရှိခဲ့ကြောင်း၊ နဗီးလ်ရဲ့ ဝေဖန်ချက်တွေက မသိရင် မန်ယူအနေနဲ့ တန်းဆင်းဇုန် တိုက်ပွဲ ဝင်နေသလို ဖြစ်နေကြောင်း ဖာဒီနန်က တုံ့ပြန်ခဲ့တာပါ။
မန်ယူ နည်းပြရန်နစ်က အသင်းမှာ မပျော်ရွှင်တဲ့ ကစားသမားတွေအနေနဲ့ ကြိုက်တဲ့အချိန် သူ့ရုံးခန်းလာပြီး ဆွေးနွေး လို့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်ယူနောက်ခံလူ တွမ်ဇီဘီ ဟာ နာပိုလီကို ရာသီကုန်အထိ အငှားနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ တွမ်ဇီဘီအနေဲ့ လက်ရှိရာသီဗီလာမှာအငှားနဲ့ကစားနေပြီး ပုံမှန်ပွဲကစားခွင့်ရဖု့ိ ရုန်းကန်နေရတာပါ။ နာပိုလီအနေနဲ့ တွမ်ဇီဘီအနေနဲ့ အငှားကြေး ပေါင် ၅ သိန်းပေးချေသွားမှာဖြစ်ကြောင်း ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။
အက်သလက်တီကိုနည်းပြ ဆီမြွှန်နီကတော့ မန်ယူပစ်မှတ်ထားနေတဲ့ နောက်ခံလူ ထရစ်ပီယာအနေနဲ့ အသင်းကနေ ထွက်ခွာသွားနိုင်ချေ ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။