ချဲလ်ဆီးနဲ့ လီဗာပူးတို့ သရေပွဲ၊ မာနေး ထုတ်ခံရသင့်တယ် ဆိုတဲ့ ကျူတာနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ညက ချဲလ်ဆီးနဲ့ လီဗာပူးတို့ ပွဲစဉ်ကတော့ ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲ ၂ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ချဲလ်ဆီးက ပထမပိုင်းကခြေစွမ်းမျိုး ဒုတိယပိုင်းမှာ ဆက်လက်ပြသနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့တာကြောင့် သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။

လီဗာပူးက အယ်လစ်ဆန် မပါနိုင်တဲ့ ဂိုးပေါက်မှာ ကယ်လာဟာ လက်စွမ်းကြောင့်သာ အနည်းငယ် သက်သာရာရခဲ့ပြီး အဝေးကွင်း မှာ သရေတစ်မှတ် ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးမှ ဂိုးသမား အယ်လစ်ဆန်၊ နောက်ခံလူ မာတစ်နဲ့ တိုက်စစ်မှူးဖာမီနိုတို့ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး နည်းပြကလော့ကလည်း ကိုဗစ်ထိခဲ့ပြီး အဲဒီပွဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ချဲလ်ဆီးနောက်ခံလူ အက်ပီကျူတာက ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးတိုက်စစ်မူှး မာနေးအနေနဲ့ အနီကတ်နဲ့ ထုတ်ပယ် ခံရသင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မာနေး ထုတ်ခံရသင့်သလားလို့ မေးခဲ့ရာ အက်ပီကျူတာက “သေချာပေါက် အနီကတ်ပဲပေါ့”လို့ တုံ့ပြန်ခဲ့ပါတယ်။ မာနေး က ပွဲစစချင်းမှာ တည်းက အက်ပီကျူတာကို တံတောင်နဲ့တွတ်ခဲ့ပေမဲ့ အနီကတ် ပြသခံရမယ့် အရေးကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ အေစီမီလန်တို့အနေနဲ့ အိုလံပီယာကော့စ် ကွင်းလယ်တိုက်စစ်ကစားသမား ကာမာရာကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေကြပါတယ်။ ၂၀ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားဟာအိုလံပီယာကော့စ်မှာ တောက်ပတဲ့စွမ်းရည်ကို ပြသထားပါတယ်။

မန်ကွင်းလယ်လူ ဗန်ဒီဘတ်ချ်နဲ့ သူ့အေးဂျင့်ဟောင်းတို့ အကြား ပြသနာတွေ ရှိနေတာကြောင့် ဗန်ဒီဘတ်ချ် ဟာ ဇန်နဝါရီမှာ မန်ယူအသင်းမှာသာ ဆက်ရှိနေဦးမှာပါ။ ဗန်ဒီဘတ်ချ်ကို သူ့အေးဂျင့်ဟောင်းကို ပြီးခဲ့ဲတဲ့ အောက်တိုဘာလ အတွင်း ထုတ်ပယ်ခဲ့ပေမဲ့ အဲဒီအေးဂျင့်ဟောင်းက စာချုပ်ဖျက်သိမ်းပေးဖို့ ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲနည်းပြ အန်ဆယ်လော့တီက ရီးရဲအနေနဲ့ ဒီနှစ်အတွင်း အမ်ဘာပေကို ခေါ်မလားဆိုတာ သူ့အနေနဲ့ မသိရှိကြောင်း၊ သူ့တို့အနေနဲ့ လာလီဂါဆုဖလားအတွက်ဆက်လက်တိုက်ပွဲဝင်ဖို့အတွက်ပဲ အာရုံစိုက်ထားကြောင်း တုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲမှာ လူကာကူကို ချန်လှပ်ခဲ့တဲ့ ချဲလ်ဆီးနည်းပြ တူချယ်ရဲ့ လုပ်ရပ်ကို အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ ဝေဖန်ခဲ့ပြီး တူချယ်ရဲ့ ပါဝါပြလိုတဲ့ စိတ်ကို နားလည်းနိုင်ကြောင်း၊ ဒါပေမဲ့အသင်းရဲ့ တိုက်စစ်မှူး အနေနဲ့ ရုတ်တရက် ချန်လှပ်ခံရတဲ့အခါ အားနည်းမှုတွေ ကြုံတွေ့ရနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ဂီဘာတိုဆေးလ်ဗားကတော့ မန်စီးတီးနဲ့ပွဲစဉ်က ကွင်းလယ်လူ ပါတေးရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပြီး ပါတေးကိုကြည့်ရတာ ဗီအဲရာနဲ့တူကြောင်း၊ သူရဲ့စွမ်းဆာင်ရည်ကအလွန်ကောင်းမွန်ခဲ့ကြောင်း၊ သူ့အနေနဲ့ ပါတေးကို နှစ်သက်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။