သမိုင်းဝင် ရှုံးပွဲတွေ့သွားပြန်တဲ့ မန်ယူ၊ ရန်းနစ်ရဲ့ ဆင်ခြေများ၊ ဟက်ထရစ်ရှင် ဘတ်ပီနဲ့ ယနေ့ နံနက်ခင်း သတင်းများ

မညက ကစားခဲ့တဲ့ ဝုဗ်နဲ့ ပွဲစဉ်မှာ မန်ယူအသင်းက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာတင် ဝ-၁ နဲ့ အရေးနိမ့်ခဲ့ရ တာကြောင့် နည်းပြသစ် ရန်းဂ်နစ်လက်ထက် ပထမဆုံး ရှုံးပွဲကို စတင်ကြုံတွေ့လိုက်ရပြီ ဖြစ်ပါတယ်။ ထိုရှုံးပွဲ ဟာ ပရီးမီးယားလိဂ် သမိုင်းတလျောက်မှာ ဝုဗ်ကို အိမ်ကွင်းမှာ ပထမဆုံး ရှုံးတဲ့ ပွဲလည်း ဖြစ်လာပါတယ်။

ဝုဗ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာတော့ မန်ယူအသင်းနောက်ခံလူ လုခ်ရှောက ၎င်းတို့အသင်းဟာ ယနေ့ပွဲမှာ စည်းစည်းလုံးလုံး ကစားနိုင်ခြင်း မရှိခဲ့ပဲ တစ်ကိုယ်ကောင်းဆန်မှုတွေ ရှိခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ ဝုဗ်အသင်းဟာ မန်ယူအသင်းနဲ့အတူ ရင်ဆိုင်ခဲ့ဖူးတဲ့ အသင်းတွေအနက် အကောင်းဆုံး အသင်းဖြစ်ကြောင်း ဝန်ခံပြောဆို သွားခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမား ရမ်ဒေးလ်က လူငယ်တိုက်စစ်မှူး မာတင်နယ်လီဟာ လျင်မြန်မှုရှိပြီးအဆုံးသတ်ပိုင်းက ကြောက်မက်ဖွယ် ကောင်းသူဖြစ်ကြောင်း၊ မာတင်နယ်လီအနေနဲ့ ကြံ့ခိုင်မှုပိုင်းသာ ပိုကောင်းလာရင် ပိုပြီး တောက်ပလာမှာ ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

မန်ယူနည်းပြ ရန်နစ်က ဝုဖ်နဲ့ပွဲစဉ်မှာ ဒီဂီယာကိုကျော်လွန်ကာ စီရော်နယ်ဒိုကို အသင်းခေါင်းဆောင် ခန့်အပ်ခဲ့ခြင်းအပေါ် “ဒီဂီယာကိုအသင်းကို ဦးဆောင်နိုင်စွမ်းရှိပြီး အချိန်အကြာဆုံးကစားခဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကွင်းထဲ ပြေးလွှားနေသူတွေထဲကပဲ အသင်းခေါင်းဆောင် ခန့်ချင်လို့ စီရော်နယ်ဒိုကို ရွေးခဲ့တာပါ”လို့ ရန်နစ်က ဆိုခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ၎င်းတို့ရဲ့ အဓိက နောက်ခံလူ သီယာဂိုဆေးလ်ဗားကို နောက်ထပ် တစ်နှစ် ထပ်မံ သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

လီဗာပူးလက်ထောက်နည်းပြ Lijnders က အာဖရိကပွဲတွေကြောင့် မာနေးနဲ့ ဆာလတ်တို့ မပါဝင်တော့ပေမဲ့ အသင်းရဲ့အခြေအနေကို မစိုးရိမ်ကြောင်း၊ တခြားကစားသမားတွေအနေနဲ့ သူတို့နှစ်ဦးနေရာမှာ အစားထိုး ဖြည့်ကစားနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဌ ဖြစ်သူ လာပေါ်တာကတော့ ယခုလို ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ၎င်းတို့အသင်းဟာ ထိပ်ဆုံးပိုင်းကို ပြန်လည် ဦးဆောင်လာနိုင်တော့မှာ ဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ပြင်သစ်လီဂူး ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ ဘတ်ပေရဲ့ ဟတ်ထရစ် သွင်းဂိုးအပါအဝင် နောက်ခံလူ ကင်ပမ်ဘီရဲ့ အဖွင့်ဂိုးကြောင့် အဝေးကွင်းမှာ ဗန်နက်စ် အသင်းကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

စပါးအသင်းနည်းပြ ကွန်တီကတော့ ယခုတစ်ခေါက် ကာရာဘောင်းမှာ ရင်ဆိုင်ရမယ့် အသင်းဟောင်း ချဲလ်ဆီးဟာ ၎င်းတို့ထက် နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ လုံလောက်တဲ့ အင်အားပိုင်ဆိုင်ထားကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အဲဗာတန်နည်းပြ ဘင်နီတက်ဇ်က တိုက်စစ်မှူး လီဝင်အနေနဲ့ ပြန်လာနိုင်တာက အသင်းအပေါ် များစွာ မျှော်လင့်စရာ ဖြစ်ခဲ့ရကြောင်း၊ လီဝင်အနေနဲ့ ဒီထက်ပိုပြီး ကြံ့ခိုင်မှု ပြည့်ဝဖို့ မျှော်လင့်ရကြောင်း၊ ဒါ့အပြင်သူ့အနေနဲ့ ဇန်နဝါရီမှာ လူသစ်ခေါ်နိုင်ဖို့ကိုလည်း မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဟာနန်ဒက်ဇ်နဲ့ နီယန်ဇူး တို့ ၂ ယောက်စလုံး ကိုဗစ် ဗိုင်းရပ်စ် ကူးစက် ခံထားရကြောင်း သတင်းရရှိပါတယ်။ ကိုဗစ်ကြောင့် အနားယူနေခဲ့ရတဲ့ ဘိုင်ယန်ကြယ်ပွင့် ကင်မစ်ချ် ကတော့ လက်ရှိ အချိန်မှာ အသင်းနဲ့ စတင်ပူးပေါင်းလေ့ကျင့်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။