ချယ်ဆီးနဲ့ လီဗာပူး ပရီးမီးယားလိဂ် ပြေးလမ်းက ထွက်သွားရပြီလို့ ကာရေဂါ ပြောပါပြီ
ချယ်ဆီးနဲ့ လီဗာပူးတို့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် မန်စီးတီးဟာ ၂၀၂၂ မှာ အမှတ်ပေးဇယားကို ၁၀ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ် ကစားသမား ကာရေဂါကတော့ အမှတ်ပေပးဖလားပြိုင်ပွဲမှာ ဂွာဒီယိုလာရဲ့ အသင်းကို လိုက်မီဖို့ မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်နေပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်ကပွဲဟာ ချယ်ဆီးနဲ့ လီဗာပူးတို့ တစ်သင်းသင်းက စီးတီးရဲ့ သရဖူကို အဓိက စိန်ခေါ်နိုင်သူတွေအဖြစ် အဆုံးအဖြတ် ပေးနိုင်မယ့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပေမယ့် ဘယ်အသင်းကမှ အခွင့်အရေးကို မရယူနိုင်ခဲ့ပဲ တဖက် ၂ ဂိုးစီနဲ့ သရေရလဒ်သာ ရရှိခဲ့ပြီး လက်ရှိချန်ပီယံတွေရဲ့ ဖလားကာကွယ်မှုကို ပိုပြီး အားကောင်းသွားစေခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးကို လိုက်မီဖို့ ဖြစ်နိုင်လားလို့ မေးမြန်းခဲ့ရာ ကာရေဂါက “မဖြစ်နိုင်လောက်ဘူး။ ကျွန်တော်ကတော့ မန်စီးတီးပဲ ဖလားရသွားမယ် ထင်ပါတယ်။ လီဗာပူးနဲ့ ချယ်ဆီးက ဒီအမှတ်ကွာဟချက်ကို လိုက်မီနိုင်မယ် မထင်ပါဘူး။ လီဗာပူးက ချယ်ဆီးကို အနိုင်ရခဲ့ပြီး လက်ကျန် လိဒ်စ်ပွဲကို နိုင်ရင်တော့ စီးတီးနဲ့ ကွာဟချက်က ၆ မှတ်ပဲ ဖြစ်သွားမှာပါ။
အခု လိဒ်စ်ပွဲကို နိုင်ရင်တောင် မန်စီးတီးကို လိုက်မီဖို့ ၃ ပွဲ လိုမယ်။ အဲ့လောက်ထိ ဖြစ်လာစရာမရှိဘူးလို့ ထင်ပါတယ်။ လီဗာပူးက ဒီရာသီမှာ တိုက်စစ် အရမ်းကောင်းတယ်၊ ချယ်ဆီးက ခံစစ်ကောင်းခဲ့တယ်။ ဒါပေမယ့် မန်စီးတီးက နှစ်နေရာလုံးရော၊ ပွဲထိန်းချုပ်ရေးမှာပါ ကောင်းမွန်ပါတယ်။ ဒါက ကြီးမားတဲ့ ကွာဟချက်ပဲ”လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးရဲ့ ဖလားရနိုင်ခြေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ကာရေဂါက သူ့ရဲ့ အသင်းဟောင်းဟာ ချယ်ဆီးနဲ့ပွဲမှာလိုမျိုး ၂ ဂိုးနဲ့ ဦးဆောင်ထားပြီးမှ ဂိုးတွေ ပြန်ပေးရတဲ့ ခံနိုင်ရည်မရှိတဲ့ ပုံံကို အသားပေး ထောက်ပြခဲ့ပြီး မဖြစ်နိုင်တော့ဘူးလို့ ငြင်းဆန်သွားပါတယ်။