ချာလိုဘတ်ချ်၊ ရူဒီဂါ၊ အူဘာအတွက် တိုက်တွန်းခြင်း၊ သန်း ၃ဝ ပစ်မှတ်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
အက်သလက်တီကို မက်ဒရစ် အသင်းဟာ နယူးကာဆယ်နဲ့ သဘောတူညီမှု ရသွားတဲ့ ထရစ်ပီယာ နေရာ အတွက် ချဲလ်ဆီးနောက်ခံလူ အက်ပီကျူတာနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေကြောင်းသိရပါတယ်။ အက်ပီကျူတာ ကရာသီကုန်မှာ ချဲလ်ဆီးနဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။
နောက်ကျော ဒဏ်ရာရင်ဆိုင်နေရတဲ့ နောက်ခံလူ ချာလိုဘတ်ချ် အနေနဲ့ စပါးနဲ့ ယှဉ်ပြိုင်မဲ့ ကာရာဘောင်ဖလား ပထမ အကျော့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်စစ်မူှး တီမိုဝါနာနဲ့ နောက်ခံလူ ခရစ္စတန်ဆန်တို့ကတော့ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။

ဂျူဗင်တပ် နောက်ခံလူ ဒါမီရယ်ကို ခေါ်ယူဖို့အတွက် မန်ယူ၊ ချဲလ်ဆီးနဲ့ ရီးရဲမက်ဒရစ်တို့က အပြိုင်ကြိုးပမ်းနေကြပါတယ်။ ၂၃ နှစ်အရွယ်နောက်ခံလူဟာ လက်ရှိမှာ အတ္တလန္တာမှာ အငှား ကစားကာခြေစွမ်းပြနေပြီး အပြီးသတ်ပြောင်းဖို့ မျှော်လင့်ထားတာပါ။
အဲဗာတန် အသင်းဟာ ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ နောက်ခံလူ ဒစ်ဂ်နေးကို ပေါင်သန်း ၃၀ ဈေး သတ်မှတ်ခဲ့ပါတယ်။ ချဲလ်ဆီး အနေနဲ့ အစွန်နောက်ခံလူ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဇန်နဝါရီမှာ နောက်တန်းကို အားဖြည့် လိုနေပြီး ဒစ်ဂ်နေးကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူးလူကာကူက သူ့အနေနဲ့ ပြဿနာရှာမိသလိုဖြစ်ခဲ့တဲ့အတွက် တောင်းပန်လိုကြောင်း၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ခံစားချက်ကိုနားလည်ပါကြောင်း၊ ပရိသတ်တွေရဲ့ ယုံကြည်မှုကိုပြန်ရဖို့အကောင်းဆုံး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း၊ အသင်းဖော်တွေ၊ နည်းပြနဲ့ ဘုတ်အဖွဲ့ဝင်တွေကိုလည်း တောင်းပန်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က နောက်ခံလူ ရူဒီဂါအနေနဲ့ အသင်းကနေ ထွက်ခွာသွားမှာကို စိုးရိမ်မိကြောင်း၊ ရူဒီဂါရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မခန့်မှန်းနိုင်ကြောင်း၊ ဒါပေမဲ့ ရူဒီဂါဟာ တခြားအသင်းနဲ့စာချုပ်ချုပ်ရခြင်းမရှိတဲ့အတွက် သူ့ကို ဆက်ထိန်းနိုင်ဖို့ ဖြစ်နိုင်သေးကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်မူှး လူကာကူက စပါးအသင်းနဲ့ ပွဲစဉ်မှာ မိမိတို့အတွက် အလွန်အရေးကြီးကြောင်း၊ စပါးဟာ မာကျောမှု ရှိပြီး အန္တရာယ်ပေးနိုင်တဲ့အသင်းဖြစ်ကြောင်း၊ ဒါပေမဲ့ မိမိတို့အနေနဲ့လည်း လီဗာပူးနဲ့ပွဲမှာ ဘာလုပ်နိုင်သလဲ ဆိုတာ ပြသခဲ့ပြီး ကံမကောင်းလို့ နိုင်ပွဲမရခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ကာတန်ကိုးလ်က ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ် တိုက်စစ်မူှး အူဘာမီယန် အနေနဲ့ ချဲလ်ဆီးကိုပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းစကား ဆိုခဲ့ပါတယ်။