လာမယ့် ရက်ပိုင်းအတွင်း ပိုင်ရှင်သစ်ထံ လက်လွဲရောင်းချ ခံရတေ့ာမယ့် ပရီးမီးယားလိဂ်အသင်း

ဆောက်သမ်တန်အသင်းဟာ ပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ နီးစပ်နေပြီဖြစ်ပြီး နှစ်ဘက်ညိနှိုင်းမှုက အဆင်ပြေနေခဲ့ပြီလို့ The Athletic က ဖော်ပြပါတယ်။

ဒီရက်တွေထဲမှာတော့ ဆောက်သမ်တန် ပိုင်ရှင် အပြောင်းအလဲကို တရားဝင် သဘောတူညီထားပြီဖြစ်ကာ စာရွက်စာတမ်း ကိစ္စတွေကို ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဆောက်သမ်တန်ကို လက်လွဲယူမယ့်သူကတော့ ရုပ်မြင်သံကြား ကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားတဲ့ ဆားဘီးယားဖွား Dragan Solak ဆိုသူဖြစ်ပါတယ်။

၎င်းက ဆောက်သမ်တန်ကို အလုံးစုံ ထိန်းချုပ်ခွင့်ရသွားမယ်လို့ သိရပြီး ရှယ်ယာတွေကို ပေါင် သန်း ၁၀၀ ဖြင့် ဝယ်ယူခြင်းလို့ သတင်းထွက်ပေမယ့် အသေးစိတ်ကျတဲ့ အချက်အလက်တွေက ထွက်ပေါ်မလာသေးပါဘူး။ ကလပ်ပိုင်ရှင် အပြောင်းအလဲ ဖြစ်တော့မယ်ဆိုတာကို နည်းပြ ဟက်ဆန်ဟက်တယ်နဲ့ ကစားသမားတွေကို အသိပေးထားခဲ့ပြီလို့ သိရပါတယ်။

လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၄ နေရာ၊ တန်းဆင်းဇုန်နဲ့ ၁၀ မှတ်အကွာ ရှိနေတဲ့ ဆောက်သမ်တန်ကလပ်ကို ၂၀၁၇ ခုနှစ်မှာ တရုတ် စီးပွားရေးလုပ်ငန်းရှင် Gao Jisheng က ရှယ်ယာ ၈၀% ဝယ်ယူကာ အလုံးဆုံ ထိန်းချုပ်ခွင့်ရထားခဲ့တာဖြစ်တယ်။ ၎င်းကပဲ ရှယ်ယာ ၈၀ % လုံးကို ပြန်လည် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်ရဲ့ ရှယ်ယာ ၂၀% ကိုတော့ Liebherr မိသားစုက ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ၎င်းတို့ကပဲ ကလပ်ရဲ့ ၈၀% ကို တရုတ် စီးပွားရေးသမားထံ ရောင်းထုတ်ထားခဲ့ကာ လက်ကျန် ရှယ်ယာတွေကို ဆက်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။