အကောင်းဆုံး အသင်းတွေ၊ ဆုတွေထဲ မပါတော့တဲ့ GOAT မက်ဆီနဲ့ ဒိုလေးတို့ နေဝင်ချိန် ရောက်ပြီလား
ဘလွန်းဒီအော ဆုတွေကို ဒိုင်ခံ သိမ်းပိုက်ခဲ့ကြတဲ့ မက်ဆီ နဲ့ ရိုနယ်ဒို ဆိုတာ ၂၀၀၇ ဝန်းကျင် လောက်ကစပြီး ဘောလုံး လောက ရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်လာခဲ့တာပါ။ အဲဒီတည်းက စလို့ သူတို့ နာမည် မပါတဲ့ အကောင်းဆုံး ပြိုင်ပွဲ ၊ သူတို့ မပါတဲ့ ဆုပေးပွဲ တွေဆိုတာ မရှိသလောက်ပါပဲ။
ဒါပေမယ့် ဒီ ၂ နှစ် အတွင်းမှာတော့ GOAT တွေရဲ့ နေဝင်ချိန်ကို စတင် လာခဲ့ပြီ ဖြစ်ပြီး အကောင်းဆုံး အသင်းတွေ၊ ဆု နေရာတွေ ကနေ စတင် ပျောက်ကွယ်လာခဲ့ပါတယ်။
မက်ဆီ ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံး ဆုကို ရရှိခဲ့ ပေမယ့် အရင်တုန်းကလိုမျိုး တခဲနက် ထောက်ခံမှု ကို မရရှိတော့ဘဲ ဝေဖန်သံတွေ ဆူညံ စေခဲ့ရ ပါတယ်။

ခု နောက်ဆုံး ထွက်ပေါ်လာတဲ့ ပြင်သစ် L’Equipe ရဲ့ တနှစ်တာ အကောင်းဆုံး အသင်း စာရင်းမှာ မက်ဆီ ရော ရိုနယ်ဒို ပါ မပါဝင်လာခဲ့ကြတော့ဘဲ ချန်လှပ်ခံလိုက်ရပါတယ်။
ရွှေဘောလုံး ဆုကို ကမကထ လုပ်ပေးတဲ့ ပြင်သစ် အခြေစိုက် အားကစား မဂ္ဂဇင်း L’Equipe ဟာ နှစ်စဉ် နှစ်တိုင်း အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်လေ့ ရှိပြီး ဒီနှစ် နှစ်ကုန် အပြီးမှာလည်း ၂၀၂၁ အတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ နေရာအလိုက် ကစားသမား ၁၁ ဦးကို ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ်။
မက်ဆီ ဟာ ၂၀၂၁ ကို ဇွန်လ လောက်အထိ အောင်မြင်မှု အထိုက်အလျောက် ရရှိခဲ့ပါတယ်။ ဘာစီလိုနာ နဲ့ ကိုပါ ဒယ်ရေး ဖလား ရခဲ့သလို လာလီဂါ ရဲ့ ဂိုးသွင်း ဘုရင်ဆု ကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။
ဇွန်လ နဲ့ ဇူလိုင်လ ထဲမှာ ကျင်းပ ခဲ့တဲ့ ကိုပါ အမေရိက ဖလား ပြိုင်ပွဲမှာလည်း မက်ဆီ ဟာ အာဂျင်တီးနား နဲ့ ဗိုလ်စွဲ ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
ဒါပေမယ့် ကျန်တဲ့ ၆ လ မှာတော့ မက်ဆီ ဟာ PSG ကို ပြောင်းရွှေ့ လာမှု နဲ့ အတူ ရေသစ် မြေသစ် အသင်းသစ် မှာ အသားမကျသေးဘဲ ရုန်းကန် နေခဲ့ရပါတယ်။ ရွှေဘောလုံး ၇ ဆုရှင် ဟာ ပြင်သစ်လိဂ် မှာ စွမ်းဆောင်ရည် နည်းပါး နေပြီး ချန်ပီယံလိဂ် မှာတော့ အထိုက်အလျောက် စွမ်းဆောင် ထားနိုင်ခဲ့ ပါတယ်။
ရိုနယ်ဒို ကလည်း မက်ဆီ နည်းတူ ပြည်တွင်း ရှုံးထွက် ဖလား နဲ့ စီးရီးအေ ရွှေဖိနပ်ဆုတွေ ကို ၂၀၂၁ အတွင်းမှာ ရခဲ့ ပါတယ်။ မက်ဆီ လို နိုင်ငံ အသင်းနဲ့ အောင်မြင်မှု မရှိခဲ့ ပေမယ့် ရိုနယ်ဒို ဟာ သွင်းဂိုး စံချိန်သစ်တွေကို ရယူ နိုင်ခဲ့ ပါတယ်။

ရိုနယ်ဒို ဟာ ဒီရာသီ အစမှာတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ ခဲ့ပြီး အသင်းရဲ့ အဓိက ဂိုးသွင်းသူ အဖြစ် ရပ်တည် နေခဲ့ပါတယ်။ ဒါပေမယ့် ဒီလို စွမ်းဆောင်မှုတွေဟာ L’Equipe ရဲ့ တနှစ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်ဖို့ မလုံလောက်စေခဲ့ပါဘူး။
မနေ့ က ထုတ်ပြန် ကြေညာခဲ့တဲ့ ဒီစာရင်းမှာ ဂိုးသမား ချဲလ်ဆီး ဂိုးသမား မန်ဒီ၊ နောက်တန်း ၄ ယောက်မှာတော့ သီယို ဟာနန်ဒက်စ်၊ မာကွင်ဟိုစ့်၊ ရူဘင်ဒီယာ့စ်၊ အလက်ဇန်းဒါး အာနိုး၊ အလယ်တန်း မှာတော့ ကယ်ဗင် ဒီဘရိုင်းနား ၊ ဂျော်ဂျင်ဟို ၊ ကန်တီ နဲ့ မိုဟာမက် ဆာလာ၊ ရှေ့တန်း မှာတော့ ဘန်ဇီမာနဲ့ ရောဘတ် လီဝန်ဒေါ့စကီး တို့ ပါဝင် လာခဲ့ ကြပါတယ်။