မန်စီးတီးပွဲမှာ ဒိုင်လူကြီးကို ဖိအားပေးခဲ့တာကြောင့် အာဆင်နယ်ကို FA ဘက်က အရေးယူ
အာဆင်နယ်ဟာ နှစ်သစ်ကူးနေ့က မန်စီးတီးနဲ့ကစားခဲ့တဲ့ ပြင်းထန်တဲ့ ပရီးမီးယားလိဂ်ပွဲအပြီး ကစားသမားတွေအပေါ် စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ FA ရဲ့ အရေးယူမှုကို ခံခဲ့ရပါတယ်။
အာဆင်နယ်ဟာ ပွဲချိန် ၅၉ မိနစ်အတွင်း သူတို့ ကစားသမားတွေကို တည်ငြိမ်အောင် ထိန်းသိမ်းထားဖို့ ပျက်ကွယ်ခဲ့ကြောင်း စွပ်စွဲခံထားရသလို ကလပ်ဟာ သောကြာနေ့မတိုင်မီ ဒီစွပ်စွဲချက်ကို အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။
အမ်းမရိတ်စ်က အဆိုပါ ပွဲစဉ်ရဲ့ ပွဲချိန် ၁ နာရီမတိုင်ခင်အတွင်း အငြင်းပွားဖွယ် VAR ကြည့်ရှုမှုအပြီး စီးတီးအသင်း ချေပဂိုးရစေတဲ့ ပင်နယ်တီကို ခွင့်ပြုလိုက်ရတဲ့နောက် ဂန်းနားအသင်းသားတွေ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
များမကြာခင်မှာပဲ အာဆင်နယ် နောက်ခံလူ ဂေဘရီရယ်က ကွင်းတစ်ဝက်စည်းမှာ စီးတီးတိုက်စစ်မှူး ဂျေးဆုကို မလိုအပ်ပဲ ကြမ်းကြမ်းတမ်းတမ်း ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး ကွင်းလယ်ဒိုင်က ၎င်းကို ဒုတိယ အဝါကဒ်ပြသခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

မြောက်လန်ဒန်မှာ စိတ်ခံစားချက်တွေက မြင့်တက်နေတာနဲ့အတူ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပြီးမှာ အာဆင်နယ်ကြယ်ပွင့်တွေဟာ ဝိုင်းအုံပြီး စောဒက တက်ခဲ့ကြပါတယ်။
နောက်ဆုံးမှာ စီးတီးကြယ်ပွင့် ရိုဒရီက အဆုံးသတ် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ် ဦးဆောင်သူတွေကို ၃ မှတ်လုံး ရရှိစေခဲ့ပါတယ်။
အခု FA ဟာ ဂန်းနားတွေကို ကစားသမားတွေအပေါ် စီမံအုပ်ချုပ်တဲ့ စည်းကမ်းကျိုးပေါက်မှုအတွက် အရေးယူခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ သောကြာနေ့ မတိုင်ခင် ဒီအရေးယူမှုကို တုံ့ပြန်ရမှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပက်ဂွာဒီယိုလာရဲ့အသင်းကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ရတဲ့နောက် သူတို့ရဲ့ ကံဆိုးမှုကြောင့် ညည်းတွားခဲ့ကြပြီး ဂိုးသမား ရမ်စ်ဒေးကလည်း ဒိုင်လူကြီးရဲ့ တည်ငြိမ်မှုမရှိတဲ့ ဆုံးဖြတ်ချက်တွေအပေါ် စိတ်ပျက်မှုကို ဖွင့်ဟခဲ့ပါတယ်။
အီဒါဆန်က အိုဒီဂတ်ကို ဧရိယာထဲမှာ လဲကျစေခဲ့တဲ့အတွက် အာဆင်နယ်ရဲ့ ပင်နယ်တီ တောင်းဆိုမှုဟာ ငြင်းပယ်ခံခဲ့ရတာဖြစ်ပြီး ဒီဖြစ်ရပ်အပေါ် ကွင်းဘေးက မော်နီတာပေါ်မှာ ပြန်ကြည့်ဖို့ VAR က ကွင်းလယ်ဒိုင်လူကြိးကို ဘာကြောင့် မပြောခဲ့တာလဲလို့ ရမ်စ်ဒေးက မေးခွန်းထုတ်ခဲ့သေးတာဖြစ်ပါတယ်။