ကိုယ်အသင်း ထိပ်တန်းအသင်းသားကိုလည်း သုံးကြည့်ပါဦးလို့ မန်ယူကို ဖာဒီနန် တိုက်တွန်း
ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က အသင်းရဲ့ ကြီးမားတဲ့ ပြသနာ တစ်ခုကို ဖြေရှင်းနိုင်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ်ကို အခွင့်အရေး ပေးသင့်တယ်လို့ ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ် ဟာ ဒီရာသီမှာ အခြားသော အသင်းဖော် ကွင်းလယ်လူတွေထက် ပိုကောင်းတဲ့ ပုံစံတွေကို မပြသနိုင်ခဲ့သေးတဲ့အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ပွဲထွက် ကစားခွင့် လုံးဝ မရရှိသူ ဖြစ်ခဲ့ရပါတယ်။
သူဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက် အတွက် လူစားဝင် ကစားခွင့် မိနစ်လည်း 67 မိနစ်မျှသာ ပိုင်ဆိုင်ထားနိုင်ခဲ့ပါသေးတယ် ။ ဒါ့ကြောင့် သူဟာ ဆောင်းရာသီ ဈေးကွက်မှာ အသင်းပြောင်းလိမ့်မယ်လို့ သတင်းတွေ ထွက်နေခဲ့တာပဲ ဖြစ်ပါတယ်။
အခြားတဖက်မှာတော့ ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ်ဟာ ကစားကွက်တွေ အပြောင်းအလဲ မကြာခန လုပ်ဆောင်နေခဲ့တဲ့ အနေအထားမှာလည်း ဗန်ဒီ ဘိခ်ကို အခွင့်အရေးပေး ပွဲကစားစေခြင်း မရှိခဲ့တဲ့ အတွက် သူရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေခဲ့ရပါတယ်။
အခုတော့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ်က အသင်းဟောင်း အနေနဲ့ ကွင်းလယ်ပိုင်း လွှမ်းမိုး ကစားနိုင်စွမ်း မရှိသေးတဲ့ ကစားကွက်မှာ ဗန်ဒီ ဘိခ် ဟာ ကွင်းလယ် ပြသနာကို ဖြေရှင်းပေးနိုင်မလားဆိုတဲ့ အပေါ် ထင်မြင်ချက် ပေးခဲ့လိုက်ပါတယ်။

” ကွင်းလယ် ကစားသမား နှစ်ယောက်ကို ကြည့်လိုက်မယ်ဆိုရင် ဂျွာအို မော်တင်ဟို နဲ့ ရူဘင် နီဗတ်စ် တို့ဟာ ဘောလုံး ရှိတဲ့ အချိန်မှာရော ၊ မရှိတဲ့ အချိန်မှာပါ ကျွန်တော်တို့ရဲ့ ကွင်းလယ်ပိုင်းကို ပိုမို လွှမ်းမိုးကစားနိုင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါက ကျွန်တော်တို့ အသင်းရဲ့ ကြီးမားတဲ့ ပြသနာ တစ်ခုပါပဲ ။ ကျွန်တော်တို့ ပွဲစဉ်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ကြပါဘူး ။ အဲ့တာက တစ်ကိုယ်တော် ကစားတဲ့သူတွေ အသင်းမှာ များပြားနေခြင်း ၊ အသင်းလိုက် ကစားပုံတွေ အားနည်းနေခြင်းကြောင့်ပါပဲ။
ဒွန်နီ ( ဗန်ဒီ ဘိခ် ) ဟာ ကစားသမားကောင်း တစ်ဦးပါ ။ ဒါပေမဲ့ သူဟာ ကွင်းထဲသွားရောက်ပြီး ပုံစံ တစ်ခုနဲ့ ခြေစွမ်း ပြသနိုင်ခွင့် မပိုင်ဆိုင်နိုင်သေးပါဘူး ။ သူ ကိုယ်တိုင်လည်း အခွင့်အရေး ပေးဆောင်ခံခဲ့ရတဲ့ အချိန်မှာ အခွင့်ကောင်းတွေ အရမယူနိုင်ခဲ့ပါဘူး။
သူဟာ အသင်းရဲ့ ပွဲထွက်ကစားသမား စာရင်းမှာ မဖြစ်မနေ ကစားခွင့် ရသင့်တဲ့ ကစားသမားမျိုး ဖြစ်ကြောင်း သက်သေမပြထားနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ကွင်းလယ်ပိုင်း အားနည်းနေတဲ့ အခုလို အနေအထားမှာ သူဟာ ကစားခွင့်တွေတော့ ရသင့်ပါတယ် ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။