အင်္ဂလန်ကြယ်ပွင့်က နယူးကာဆယ်မှာဆို ဟုန်းဟုန်းတောက် ပြန်ဖြစ်နိုင်ကြောင်း ပေါလ်မာဆွန် သုံးသပ်
ပေါလ်မာဆွန်က နယူးကာဆယ် အသင်း အနေနဲ့ လက်ရှိ ဇန်နဝါရီ ဈေးကွက် မပိတ်သိမ်းမီ တော့တင်ဟမ် တိုက်စစ် ကစားသမား ဖြစ်သူ ဒယ်လီအလီကို အရ ခေါ်ယူသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။
နယူးကာဆယ် အသင်းဟာ ဒီရာသီမှာ နိုင်ပွဲ တစ်ပွဲသာ ရရှိထားခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေကာ ဒီရာသီ တန်းမဆင်းရဖို့ အတွက် ဆိုရင် လက်ရှိ အပြောင်းအရွေ့ ဈေးကွက်မှာ ကစားသမားကောင်းတွေ အင်အား ဖြည့်တင်းသွားဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။
နယူးကာဆယ် အသင်းဟာ လာမည့် ရက်သတ္တပတ်တွေမှာ ငွေကြေး များစွာ သုံးစွဲကာ ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ ရှိနေပြီး မာဆွန်က တော့တင်ဟမ်မှာ နေရာ မရ ဖြစ်နေတဲ့ ထိပ်တန်းကြယ်ပွင့်ဟောင်း ဒယ်လီအလီဟာ စိန့်ဂျိမ်းပက်မှာ ဟီးရိုး တစ်ဦး ဖြစ်လာနိုင်တယ်လို့ ယုံကြည် နေပါတယ်။

မာဆွန်က “နယူးကာဆယ် အသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဖို့ အတွက် ဆိုရင် ငွေထုတ်ပိုက်ကာ အေးဂျင့်တွေဆီ ကနေ တက်နိုင်သမျှ ကစားသမားကောင်းတွေကို ဝယ်ယူ စုဆောင်း သွားဖို့ လိုပါတယ်။
ဒယ်လီအလီကို ဝယ်ယူလိုက်မယ် ဆိုရင် အကယ်လို့များ နယူးကာဆယ်တို့ တန်းဆင်း သွားရမယ် ဆိုရင်တော့ သူဟာ အဲဒီမှာ ဆက်နေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နယူးကာဆယ် အနေနဲ့ သူနဲ့ ပက်သက်ပြီး စွန့်စားသွားဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်။
သူဟာ နယူးကာဆယ်ရဲ့ အရမ်း ကောင်းတဲ့ ကစားသမား ခေါ်ယူမှု အဖြစ် သက်သေပြနိုင်စွမ်း ရှိနေပါတယ်။ ဒယ်လီရဲ့ အရည်အသွေးဟာ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမယ့် သူဟာ တော့တင်ဟမ်မှာ ပုံမှန် နေရာ မရတာ အတော့်ကို ကြာနေပြီ ဖြစ်ပြီး သူ့အနေနဲ့ တစ်စုံတစ်ခု လုပ်သွားဖို့ လိုအပ်ပါတယ်။
အကယ်၍ နယူးကာဆယ် အနေနဲ့ သူ့ကို ဗဟိုပြုကာ ကစားသွားခဲ့မယ် ဆိုရင် သူဟာ စိန့်ဂျိမ်းပက်ရဲ့ တကယ့် ဟီးရိုး တစ်ဦး ဖြစ်လာနိုင်ပါတယ်။ နယူးကာဆယ် အသင်းဟာ ဒီဇန်နဝါရီမှာ အသင်းမှာ ပုံမှန် ကစားခွင့် မရနိုင်မယ့်သူကိုတော့ ခေါ်ယူသွားမှာ မဟုတ်ပါဘူး ” လို့ ဆိုလိုက်ပါတယ်။
အလီဟာ ဒီရာသီ အစပိုင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန် နေခဲ့ရပေမယ့်လည်း အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာတော့ ပုံစံကောင်းတွေ ပြန်လည် ပြသနေတာကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် မာဆွန်က ဒယ်လီအလီ အနေနဲ့ အသစ်တစ်ဖန် ပြန်လည် စတင်ခြင်း နဲ့ ပုံမှန် ကစားခွင့် ရခြင်းဟာ သူ့ရဲ့ ကစားသမား ဘဝကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေမယ်လို့ ခံစားမိ နေပါတယ်။