ချက်စတာဖီးနဲ့ ပွဲအတွက် အိုဝင် ခန့်မှန်းရလဒ်၊ ပွင့်လင်းကြတဲ့ တူချယ်နဲ့ သီယေဂို၊ ယနေ့ည ချယ်ဆီး သတင်းများ

ဒီည ချက်စတာဖီးနဲ့ အက်ဖ်အေဖလားပွဲမှာ ချဲလ်ဆီးအသင်းက လူငယ် အများစုနဲ့ ပွဲထုတ်လာဖွယ် ရှိပြီး အပျော်တမ်းလိဂ်က အသင်းငယ်လေးကို ချဲလ်ဆီးက ၅-ဝ နဲ့ အနိုင်ရသွားမယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ် ခန့်မှန်းထားပါတယ်။

စပါးနဲ့ပွဲမှာ ဒဏ်ရာပြဿနာ ရင်ဆိုင်ခဲ့ရတဲ့ နောက်ခံလူ အက်ပီကျူတာနဲ့ ကွင်းလယ်လူ ကိုင်ဟာဗက်ဇ်တို့ဟာ ချက်စတာ ဖီးလ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်မှာ ဖြစ်ပြီး ခရစ္စတန်ဆန်လည်း ပါဝင်နိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က သူ့အနေနဲ့ ကွင်းလယ်လူ ဘာကလေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးရခြင်း မရှိသေးကြောင်း၊ ဒါက ဘာကလေ ဘာလိုချင်သလဲဆိုတဲ့အပေါ်လည်း မူတည်ကြောင်း၊ ဘာကလေအနေနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ပွဲထွက်ခွင့်ရနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာ အနေနဲ့ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို အားစိုက်ကြိုးပမ်းလာနေကြောင်း Mundo Deportivo က ဖော်ပြထားပါတယ်။ ခရစ္စတန်ဆန်အနေနဲ့ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခြင်း မပြုဖို့ ဆုံးဖြတ်ထားပြီး နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက သူနဲ့ နည်းပြတူချယ်တို့အကြား ပွင့်ပွင်းလင်းလင်းပဲ ပြောဆိုကြကြောင်း၊ သူ့အနေနဲ့ မိနစ် ၉၀ ပြည့်မကစား နိုင်တဲ့အခါ မကစားနိုင်ဘူးလို့ နည်းပြ တူချယ်ကို ပွင့်လင်းစွာ ပြောဆိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဆီဗီးလာ နောက်ခံလူ ကွန်ဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက် ရှိနေဆဲဖြစ်ကြောင်း လန်ဒန် သတင်းဌာန က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ကွန်ဒီကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပြီး ဆီဗီးလာ တောင်းဆိုတဲ့ဈေးမပေးနိုင်လို့ မအောင်မြင်ခဲ့တာပါ။

ချဲလ်ဆီးအနေနဲ့ အက်သလက်တီကိုကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဆောနီဂွတ်ဇ်အတွက် ပေါင်သန်း ၃၀ ပေးချေဖို့ တွန့်ဆုတ်နေကြောင်း သိရပါတယ်။ ဆောနီဂွတ်ဇ်အနေနဲ့ချဲလ်ဆီးမှာ အထိုင်ကျဖို့ ရုန်းကန်နေရပြီး ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေပါတယ်။

အဲဗာတန်နည်းပြ ဘင်နီတက်ဇ်က ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ နောက်ခံလူ ဒစ်ဂ်နေးအနေနဲ့ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားကြောင်း အတည်ပြုခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဒဏ်ရာရ ကစားသမားတွေကိုများပြားနေတဲ့ နော်ကတန်းကို အားဖြည့်ဖို့ ဒစ်ဂ်နေးကို ပစ်မှတ်ထားနေတာပါ။