ချဲလ်ဆီး၊ လက်စတာတို့ရဲ့ အက်ဖ်အေ ဂိုးပြတ်နိုင်ပွဲ၊ ဒိုလေး ပါးစပ်ပိတ်ထား ဆိုလိုက်သူနဲ့ နံနက်ခင်း သတင်းများ
အက်ဖ်အေ လက်ရှိချန်ပီယံ လက်စတာကတော့ ကင်းပါဝါမှာ အားရစရာခြေစွမ်းနဲ့အတူ ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ဂိုးပြတ် အနိုင်ယူပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကလည်း အသင်းငယ် ချက်စတာဖီးကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံကစားကာ ၅-၁ နဲ့ ဂိုးပြတ် နိုင်သွားပြီး အက်ဖ်အေဖလား နောက်တစ်ဆင့် တက်သွားခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်ကတော့ ချက်စတာဖီးလ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်ကြယ်ပွင့် လီဝစ်ဟေးလ်ရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး သူဟာ အလွန်တည်ငြိမ်ပြီး ပွဲကစားခွင့်နဲ့ထိုက်တန်သူဖြစ်ကြောင်း၊ ဟေးလ်ဟာ အခွင့်အရေးကို မိမိရရ ဖမ်းဆုပ်နိုင်ခဲ့ပြီး သွင်းဂိုးတချို့မှာ ကြီးမားစွာ ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့ ပြောရေးဆိုရေးရှိသူတစ်ဦးကတော့ သတင်းတွေ ထွက်ပေါ်နေသလို ပေါ့ဂ်ဘာအနေနဲ့ မန်ယူထံကနေ တစ်ပတ်ပေါင် ၅ သိန်းနဲ့ကမ်းလှမ်းခံရမှုမရှိကြောင်း၊ ပေါ့ဂ်ဘာဟာ လက်ရှိမှာ ဒဏ်ရာကနေပြန်သက်သာလာဖို့ပဲ အပြည့်အ၀ အာရုံစိုက်ကာ အသင်းကို ကူညီနိုင်ဖို့ ရည်မှန်းထားကြောင်းဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးကွင်းလယ်လူဟောင်း Geremi အနေနဲ့ လူကာကူရဲ့ဖွင့်ဟစကားနဲ့ပတ်သက်ပြီး အနည်းငယ် အံံအား သင့်မိကြောင်း၊ အသင်းမှာ ရည်မှန်းချက်နဲ့ လှုံဆော်မှု မရှိတော့တဲ့ ကစားသမားကို ဆက်ထိန်းထားတာက မကောင်းကြောင်း၊ ဒါပေမဲ့ လူကာကူ ဖြစ်ရပ်မှာတော့ နားလည်မှုလွဲခဲ့တာလို့ ထင်မြင်မိကြောင်း၊ ချဲလ်ဆီးအနေနဲ့ လူကာကူ ကို ရောင်းချသွားမှာ မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ မစ်လန်းနိုင်းလ်ကတော့ စီးရီးအေကလပ ်ရိုးမားထံ ရာသီကုန်အထိအငှားစာချုပ်နဲ့ တရားဝင် ပြောင်းခဲ့ပါပြီ။ ရိုးမားကိုပြောင်းပြီးနောက် မစ်လန်းနိုင်းလ်က သူ့အနေနဲ့ အသင်းကို ကူညီလိုပြီးဘာလုပ်နိုင်သလဲဆိုတာ ပြသချင်ကြောင်း၊ ရာသီကုန်ချိန်မှာ ခမ်းနားတဲ့အရာတစ်ခုခု ပြုလုပ်နိုင်မယ်လို့ မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
အင်္ဂလန်ကစားသမားဟောင်း ဆင်ကလဲယားကတော့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မူှး စီရော်နယ်ဒိုအနေနဲ့ ပါးစပ်ပိတ် ထားပြီး ကွင်းအတွင်း သေချာအာရုံစိုက်ဖို့ လိုအပ်နေကြောင်း၊ မန်စီးတီးဟာ စီရော်နယ်ဒိုကို မခေါ်ခဲ့တာ ပိုကောင်းတယ်လို့ ထင်မြင်လာမိကြောင်း ဝေဖန်ခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကတော့ လီဗာပူးးအနေနဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ဘယ်ကစားသမားကို ခေါ်သင့်သလဲဆိုတဲ့ မေးခွန်းကိုကာရေဂါက Twiitter မှာ ဘယ်လင်ဟမ်လို့ ရေးသားခဲ့တာပါ။
ဖီဖာက ပေးအပ်မဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီကပဲ ရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ မက်ဆီဟာ Ballon d’Or ဆုကိုလည်း ၇ ကြိမ်မြောက်အဖြစ်ရယူထားနိုင်ခဲ့သူပါ။ အဆိုပါ ဖီဖာဆုပေးပွဲကိုတော့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။