တာဗာရက်စ် လုပ်ရပ်၊ ဆာကာ အတွက် ဂုဏ်ယူတဲ့ အာတီတာ၊ ဘစ်ဆိုမာ တန်ကြေး နဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ်နည်းပြ အာတီတာက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ သူတို့ရဲ့ ကစားပုံက ကောင်းမွန်ခဲ့ခြင်း မရှိကြောင်း၊ ရှုံးပွဲနဲ့ ပတ်သက်ပြီး ဆင်ခြေပေးသွားမှာ မဟုတ်ဘဲ ပရိသတ်တွေကို တောင်းပန်လိုကြောင်း၊ အသင်းအနေနဲ့ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်မယ်လို့တော့ မျှော်လင့်ခဲ့မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်ဟောင်း အီယန်ရိုက်ကတော့ အက်ဖ်အေဖလားပွဲစဉ်မှာ ၃၄ မိနစ်မှာပဲ လူစားလဲခံရပြီးနောက် ဒေါသတကြီး တုံ့ပြန်ခဲ့တဲ့ နောက်ခံလူ တာဗာရက်စ်ရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။ “သူကပွဲကိုအလွန်ဆိုးရွားစွာ စတင်ခဲ့တာပါ။ ကွင်းအတွင်းက ထွက်လာပြီး လက်အိတ်ကို လွတ်ပစ်လိုက်တဲ့ အပြုအမူမျိုးက လေးစားမှု မရှိတာလို့ ထင်ပါတယ်”လို့ ရိုက်က ဆိုခဲ့ပါတယ်။

အာဆင်နယ် အသင်းရဲ့ လူစာရင်း တောင့်တင်းမှုမရှိခြင်းက နော်တင်ဟမ်နဲ့ပွဲမှာ ရှုံးပွဲကြုံစေရတဲ့ အကြောင်း ဖြစ်တယ်လို့ နာမည်ကျော် ဂျာနယ်လစ် Josh Challies က သုံးသပ်လိုက်ပြီး ဒါကြောင့် အာဆင်နယ်အနေနဲ့ ဈေးကွက်အတွင်း မဖြစ်မနေ လှုပ်ရှားရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘရိုက်တန်ကတော့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဘစ်ဆိုမာအတွက် ပေါင် သန်း ၅၀ လို့ ဈေးနှုန်း သတ်မှတ်လိုက်ပါတယ်။ စာချုပ်သက်တမ်း ၁၈ လသာကျန်ရှိတဲ့ ဘစ်ဆိုမာကို ဘရိုက်တန်က ရာသီကုန်ထိတော့ ဆက် ထိန်းထားလိုနေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက လူငယ်ကြယ်ပွင့် ဆာကာအနေနဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးနဲ့ သတင်း ထွက်ပေါ်နေမှု အပေါ် “ကိုယ့်အသင်းက ကစားသမားအကြောင်း လူပြောများလာတာ ကောင်းတဲ့ သတင်းပါ။ ဆာကာ အနေနဲ့ ဂုဏ်ယူသင့်ပြီး သူ့ရဲ့ တိုးတက်မှုအတွက ်ဝမ်းမြောက်မိပါတယ်”လု့ိ မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူ ဘန်ဝှိုက်ကတော့ အသင်းဖော် တိုမီယာဆုဟာ အံ့အားသင့်ဖွယ် ကစားသမား ဖြစ်ကြောင်း၊ ကစားသမား ဘ၀ တစ်လျှောက် သူတွဲကစားလာဖူးသမျှ အကောင်းဆုံး ညာနောက်ခံ ကစားသမား ဖြစ်ကြောင်း၊ တိုမီယာဆု ဟာ ကမ္ဘာ့အဆင့် စွမ်းရည်ကို ပြသနေကြောင်း ချီးကျူးခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက သူတို့အနေနဲ့ ဇန်နဝါရီဈေးကွက်အတွင်း အသင်းကို လူ အင်အား ဖြည့်တင်းနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းလျက် ရှိနေကြောင်း၊ အပြောင်းအရွှေ့တိုင်းမှာတော့ အသင်းရဲ့ လူစာရင်းကို အကောင်းဆုံး ဖြစ်ချင်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပယ်မီးရက်စ် ကွင်းလယ်ကြယ်ပွင့် ဒန်နီလိုကို ခေါ်ယူဖို့ ဆက်သွယ်နေပါတယ်။ အသက် ၂၀ နှစ်အရွယ် ကွင်းလယ်လူရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၈၆သန်း ရှိနေပြီး အာဆင်နယ်က ယူရို ၂၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။