စပိန်ကလပ်မှာ ကစားနေပြီး မြန်မာလက်ရွေးစင်မှာ ဝင်လာတော့မယ့် ရှမ်းလူမျိုး အာသာဖ

စပိန်ကလပ် လီဂါနက်စ်မှာ ကစားနေတဲ့ မြန်မာနွယ်ဖွား တိုင်းရင်းသားကစားသမား အာသာဖဟာ နည်းပြ ပိုပေါ့ဗ်ရဲ့ မြန်မာယူ-၂၃ အသင်းအတွက် ကစားပေးတော့မယ်လို့ သိရပါတယ်။

အာသာဖ က သူ့ရဲ့အင်စတာဂရမ် Story မှာ မြန်မာအသင်း ဝတ်စုံနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပြီး ကစားဖို့အတွက်လည်း ခွင့်ပြုချက် ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အာသာဖဟာ လီဂါနက် ယူ-၂၃ အသင်းအတွက် ကစားပေးနေသူ ဖြစ်ပြီး အရင်တည်းက အခွင့်အရေးရမယ်ဆိုရင် မြန်မာ ကိုယ်စားပြုကစားမယ် လို့ ဖွင့်ဟထားခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ Story မှာတော့ “မြန်မာကိုယ်စားပြုပြီးတော့ ကစားရတော့မယ်၊ ဂုဏ်ယူမိပါတယ်” လို့ ရေးသားထားခဲ့တာဖြစ်ပြီး ကစားသမားဘက်က အတည်ပြုသွားခဲ့တာလည်းဖြစ်ပါတယ်။

အာသာဖ ဟာ ရှမ်းလူမျိုးဖြစ်ပြီး ရှမ်းပြည်နယ် ကနေ စပိန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရှိ အာသာဖ ဟာ မြန်မာယူ(၂၃)နည်းပြ ပိုပေါ့နဲ့ အဆက်အသွယ်ရှိတဲ့ သူဖြစ်ပြီး မြန်မာယူ(၂၃) အသင်းနဲ့ အတူ ပြိုင်ပွဲတွေမှာ တွေ့မြင်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

လီဂါနက်စ်ကတော့ စပိန်လာလီဂါမှာ ကစားဖူးတဲ့အသင်းဖြစ်ပြီး မြန်မာပရိသတ်တွေအတွက်လည်း မစိမ်းတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် အာသာဖကတော့ အသင်းကြီးမှာ ကစားရတာမဟုတ်ဘဲ လူငယ်အသင်းမှာသာ ကစားရတာ ဖြစ်ကာ သူ့ရဲ့ခြေစွမ်းနဲ့အတွေ့အကြုံတွေက မြန်မာယူ-၂၃ အသင်းအတွက် အထောက်အကူ ပေးနိုင်မှာလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ အာဆီယံယူ-၂၂ ပြိုင်ပွဲကစားရဖို့အတွက် ရှိနေတာမို့ အဆိုပါပြိုင်ပွဲဝင်အသင်းမှာ အာသာဖ ပါဝင်နိုင်ခြေများနေတယ်လို့ သိရပါတယ်။

အာသာဖကတော့ မြန်မာအသင်းရဲ့ သက်တမ်းအလိုက် ဘယ်အသင်းမှာ ကစားမလဲ ဆိုတာကို ပြောဆိုထားခြင်း မရှိတာကြောင့် သူ့အသက်အရွယ်နဲ့ ပိုမိုလိုက်ဖက်တဲ့ မြန်မာယူ-၂၃ ဖြစ်မယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။