အငြင်းပွားစရာတွေနဲ့ မန်ယူ နိုင်ပွဲ၊ ဆာလတ်နဲ့ ပီအက်စ်ဂျီ၊ မိုဒရစ်ကို ကြိုးစားဆဲ စီးတီးနဲ့ ယနေ့ နံနက်ခင်း သတင်းများ

အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်က ပီအက်စ်ဂျီအနေနဲ့ လာမဲ့နွေရာသီမှာ လီဗာပူး တိုက်စစ်မှူး ဆာလတ်ကို ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း၊ လီဗာပူးဟာ ဆာလတ်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ဆွေးနွေးမှု ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ ဒါက တခြားအသင်းတွေကို အခွင့်အရေးပေးသလိုဖြစ်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ ညက အက်ဖ်အေဖလားပွဲမှာ အက်စတွန်ဗီလာ အသင်းကို တော်မီနေး ပွဲအစပိုင်းမှာ သွင်းတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ထိုပွဲမှာ ဒိုင်လူကြီးနဲ့ VAR ဆုံးဖြတ်ချက်တချိုု့က အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။

မန်ယူနာက်ခံလူ ဗာရိန်း က ဗီလာနဲ့ပွဲက ပြိုင်ဘက်တိုက်စစ်မှူး အန်နီအင့်သွင်းယူခဲ့တဲ့ဂိုးကို ပယ်ဖျက်ခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး “ဒါက အချိန်တော်တော်လေး ယူခဲ့ရပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ ”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ရီးရဲမက်ဒရစ် ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။ မိုဒရစ်ရဲ့ စာချုပ်ဟာ ရာသီကုန်မှာကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်နဲ့ပတ်သက်ပြီး ရီးရဲရဲ့ ကမ်းလှမ်းမှုကို မပျော်ရွှင်ကာ အသင်း ကနေ ထွက်ခွာဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ နောက်ခံလူ တိုမီယာဆု၊ ကွင်းလယ်လူ ချာကာနဲ့ လူငယ်ကြယ်ပွင့်တို့အနေနဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်မဲ့ကာရာဘောင်ဖလားပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ချာကာဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး စမစ်ရို့စ်နဲ့ တိုမီယာဆုတို့က ခြေသလုံးကြွက်သားပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။

ပီအက်စ်ဂျီကတော့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို တစ်နှစ်လုပ်ခ ပေါင် ၆ သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ရီးရဲကို အလဲထိုးပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ပီအက်စ်ဂျီ အားကစား ဒါရိုက်တာ လီယိုနာဒို က ရူဒီဂါကို ခေါ်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတာပါ။

မန်ယူနည်းပြ ရန်နစ်က ဗီလာနဲ့ပွဲမှာ စီရော်နယ်ဒိုနဲ့ ဆန်ချိုတို့ကို ချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး “သူတို့ ဒဏ်ရာ ရနေတယ် လို့ မပြောလိုပေမဲ့ ကြွက်သားပြဿနာတွေတော့ ရှိနေကြပါတယ်။ စီရော်နယ်ဒိုနဲ့ မနေ့က လေ့ကျင့်ခန်း မတိုင်ခင် စကားပြော ခဲ့ပါတယ်။ သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ရက်အတွင်း အသေးစား ဒဏ်ရာပြဿနာရှိနေခဲ့လို့ မစွန့်စားဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

ဗီလာနည်းပြဂျရတ်က အသင်းအနေနဲ့ ကွင်းလယ်လူသစ် ကော်တင်ဟိုရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံတွေကြောင့် အကျိုးများစွာ ခံစားရမှာဖြစ်ကြောင်း၊ ကော်တင်ဟိုဟာ အသင်းတိုက်စစ်ပိုင်းကိုပိုကောင်းလာစေမှာဖြစ်ကြောင်း၊ ကော်တင်ဟိုနဲ့ တွဲကစားခဲ့ဖူးလို့ သူ့အရည်အသွေးကို ကောင်းစွာသိကြောင်း ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ဝုဗ် တောင်ပံကစားသမား ထရာအိုရေးကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ စပါးအနေနဲ့ ထရာအိုရေးအတွက် ပေါင်သန်း ၂၀ အသုံးပြုသွားမှာဖြစ်ပြီး ကွန်တီက သဘောကျနေတာပါ။

လီဗာပူးနည်းပြ ကလော့ကတော့ ဆာလတ်နဲ့ မာနေးတို့ အာဖရိကဖလား သွားနေချိန်မှာ မီနာမီနိုက အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း၊ မီနာမီနိုဟာ ပုံစံကောင်းကို ပြသနိုင်ပေမဲ့ ဒဏ်ရာပြဿနာက သူ့ကို အနည်းငယ် ရုန်းကန် စေခဲ့ရကြောင်း၊ အခုတော့ မီနာမီနိုဟာ ပြန်လာနိုင်ခဲ့ပြီး မိမိတို့အနေနဲ့ သူ့ကိုလိုအပ်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

လိဒ်စ်ကြယ်ပွင့်ဟောင်း ပတ်ဒီကင်နီကတော့ အာဆင်နယ်အနေနဲ့ တိုက်စစ်မှူး လာကာဇက်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ လိုအပ်ကြောင်း၊ လာကာဇက်ဟာ ထိပ်တန်းကစားသမားဖြစ်ပြီး ပွဲထွက်ခွင့်နဲ့ ထိုက်တန်သူဖြစ်ကြောင်း တိုက်တွန်း ခဲ့ပါတယ်။