သိပ်လွယ်လွန်းတဲ့ ဂိုးစည်းထိပ်က ဘောလုံးတွေဆို ဂိုးထဲ မကန်ချင်အောင် လူကြီးလူကောင်း ဆန်သွားတဲ့ ရက်ရှ်ဖို့ဒ်
နိုင်ငံရေးသမား လိုလို ပရဟိတသမားလိုလို ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှူး မာကပ်စ် ရက်ရှ်ဖို့ဒ် ဟာ ညက အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရတဲ့အပြင် ဂိုးပေါက် ရှေ့က ဘောလုံးကိုတောင် ဂိုးပေါက်ထဲ ကန်သွင်းဖို့မကြိုးစားခဲ့လို့ မန်ယူအတွက် ကစားပေးဖို့ စိတ်မပါတော့ဘူးလား ဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။
အက်ဖ်အေဖလား တတိယအဆင့်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့ရတဲ့ အဲဒီပွဲမှာ မန်ယူက တွန်မီနေးရဲ့ ၈ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ၁-၀ နဲ့အနိုင်ရခဲ့ပြီးနောက်တစ်ဆင့်ကိုတက်သွားပါတယ်၊။
ဒီပွဲမှာ မန်ယူအသင်းဟာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဗီလာက သာ လွှမ်းမိုးကစားနိုင်ခဲ့ပြီး ရခဲ့တဲ့ ၂ ဂိုးလုံး ကို ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ က ခွင့်မပြုခဲ့လို့သာ အနိုင်မရခဲ့တာပါ။

ဒါကြောင့် မန်ယူပရိသတ်တွေဟာ သူတို့အသင်းရဲ့ခြေစွမ်းကို မကျေမနပ် ဖြစ်နေတဲ့အပြင် တောက်လျှောက် ဆိုသလို ရုန်းကန် နေရတဲ့ ရပ်ရှ်ဖို့ဒ်ကို လည်း ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာပါ။
ဒီအင်္ဂလန်သားဟာ ဘယ်လောက် အထိ ဆိုးခဲ့သလဲဆိုရင် ဒုတိယပိုင်းမှာ ဂိုးဧရိယာအတွင်း ပြန်ထွက်လာတဲ့ ဘောလုံးကို ပြေးကန်ဖို့ အားမထုတ်ခဲ့လို့ သူ့ကို တော်တော် စိတ်ပျက်ခဲ့ကြတာပါ။ ဒီဘောလုံးကို သူသာ အားစိုက်ပြီး ပြေးကန်ခဲ့မယ် ဆိုရင် ဂိုးရနိုင်တဲ့ အနေအထားပါ။
ဒါကြောင့်လည်း အွန်လိုင်း ဒိုင် တစ်ခုဖြစ်တဲ့ Paddy Power က တွစ်တာကနေ ရက်ရှ်ဖို့ဒ်ကိုလေးစားတယ် ဆိုပြီး လှောင်ပြောင် ဖော်ပြသွားခဲ့တာပါ။
သူတို့တင်တဲ့ပို့စ်မှာ ရက်ရှ်ဖို့ဒ်က ဘောလုံးကိုစောင့်ကြည့်နေတဲ့ပုံတင်ပြီး ”ဒီဘောလုံးကို ဂိုးထဲ ကန်သွင်းဖို့မကြိုးစားလို့ လေးစားပါတယ် ရက်ရှ်ဖို့ဒ်။ ဒါဟာ အဆင့်အတန်းရှိတဲ့ လုပ်ရပ်လို့ ပြောကြရတော့မှာပါ” လို့ဖော်ပြသွားခဲ့ပါတယ်။

ဘီဘီစီ သတင်းဌာနရဲ့ ဝေဖန်သုံးသပ်သူဖြစ်တဲ့ ဒီယွန်ဒဗ္ဗလင်ကဆိုရင်” ရက်ရှ်ဖို့ဒ်ဟာ သူ့ခြေထောက်ကို ရှေ့ထုတ် လိုက်တာနဲ့တင် ဂိုး ကန်သွင်းလို့ရတဲ့ အနေအထားပါ။ သူ့ ပုံကြည့်ရတာ ဒီလို သိပ်လွယ်တဲ့ ဂိုးမျိုးကို သွင်းချင်ပုံမရဘူး။
သူသာပြေးသွားမယ်ဆိုရင် ကန်လို့ရနေတာပါ။ ဒါပေမယ့် စိတ်ပျက်အားလျော့နေပုံ ရပြီး သူ့အပြုံးကို မမြင်ရတာလည်း အတော် ကြာနေပါပြီ” လို့ပြောသွားပါတယ်။
အသက် ၂၄ နှစ်ရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ ကွင်းပြင်ပမှာ လူမှုရေးအလုပ်တွေလုပ်နေပြီး ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်က ပေးအပ်တဲ့ OBE ဘွဲ့ကို ရရှိပြီးနောက် အခုလို ဖြစ်လာခဲ့တာပါ။ ဒါကြောင့်လည်းပရိသတ်တွေက ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး တစ်ခုခုတော့မှားနေပြီလို့ ဆိုနေကြတာပါ။
အသက် ၂၄ နှစ်ရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ မကြာသေးခင်က သူ့အနေနဲ့ နည်းပြ ရန်းနစ်ခ် အပေါ်အရမ်း လေးစားပြီး မန်ယူ အတွက် လည်း ပေးဆပ်ထားပါတယ် လို့ ပြောခဲ့ပေမယ့် ဒီရာသီ ၁၄ ပွဲ ကစားပြီးချိန်မှာ ၃ ဂိုးသာ သွင်းယူ ထားနိုင် ပါသေးတယ်။