ဂရစ်စမန်း အနီကဒ် ကွင်းလယ်ဒိုင်ရဲ့ တလွဲ ဆုံးဖြတ်ချက်တွေကို အေတီကိုဘက်က ပေါက်ကွဲ

အက်သလက်တီကို ခံစစ်မှုးဖလစ်ပီက လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်ဒိုင်က ဘက်လိုက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာ နှစ်သင်းလုံးက သွင်းဂိုး ၂ ဂိုးစီ သွင်းယူနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပြီး အေတီကိုဘက်က ဂရစ်စမန်း ၅၂ မိနစ် မှာ အဝင်ကြမ်းလို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ခံခဲ့ရသလို ပွဲချိန်အတွင်း ရရှိတဲ့ ပင်နယ်တီကိုလည်း VAR ကြည့်ကာ ပြန်လည် ပယ်ဖျက်သွားခဲ့ပါတယ်။

လီဗာပူးကတော့ ၇၈ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကနေ မိုဆာလာ ဝင်အောင် ကန်သွင်းပြီး အဝေးကွင်းမှာ တန်ဖိုးရှိလှတဲ့ နိုင်ပွဲတပွဲကို ရယူ သွားနိုင်ခဲ့ပါတယ်။

ဖလစ်ပီက ” (အက်သလက်တီကို ပယ်ဖျက်ခံရတဲ့ ပင်နယ်တီအတွက်) စည်းမျဉ်းတွေကတော့ ဘာလဲ မသိဘူး၊ ကျနော့် အတွက် ဆိုရင်လည်း ရရမယ့် ပင်နယ်တီပါ။ ဒိုင်လူကြီးက VAR သွားကြည့်တယ်၊ ထပ်ပြန်ကြည့်တယ် ဆိုတည်းက သူ့မှာ မရေရာ၊ သံသယတွေနဲ့ဖြစ်နေလို့လေ။

တဖက်မှာ လီဗာပူး ပင်နယ်တီကျ ဆုံးဖြတ်ချက် ချတာ မြန်ချက်ပဲ။ ကျနော်တို့ ကိုယ့်အားနဲ့ ကိုယ် ယှဉ်ပြိုင်ရတယ် ဆိုပေမယ့် ဒီပွဲက မမျှတဘူး။ ဂရစ်စမန်း ဆိုလည်း အဝါကတ်ပဲ ရရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဘောလုံးကိုပဲ ကြည့်ပြီး ထိန်းဖို့ ကြိုးစားခဲ့တာလေ ” လို့ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

ပွဲ အပြီးမှာ တီကို နည်းပြ ဆီမြွန်နီက ယာဂင်ကလော့ပ်ကို နှုတ်ဆက်မှုတောင် မပြုနိုင်ခဲ့ဘဲ ထွက်ခွာသွားခဲ့ပါတယ်။ ဆီမြွန်နီက သူ့ လုပ်ရပ် အပေါ် ပွဲအပြီး ကာကွယ် ရှင်းပြသွားခဲ့ပါတယ်။

” ကျနော်က တခြားအသင်း မန်နေဂျာတွေကို ပွဲပြီးတိုင်း အမြဲ နှုတ်ဆက်လေ့ မရှိပါဘူး။ ဘာလို့လဲ ဆို ကျနော် မကြိုက်လို့လေ။ အဲဒါက ပွဲနိုင်သူ ဖြစ်ဖြစ် ရှုံးသူ အတွက် ဖြစ်ဖြစ် အကျိုး မရှိဘူး။ ကျနော်ကတော့ အဲဒီလို မြင်တယ်။ ဒါပေမယ့် အခုကတော့ ကျနော် သူ့ကို တွေ့ရင် နှုတ်ဆက်မှာပါ၊ ဘာပြသနာမှ မရှိပါဘူး။ ” လို့ ဆီမြွန်နီက ဆိုခဲ့ပါတယ်။