အလှဆုံး ဂိုးသွင်းပေးတဲ့ အသင်းသားကို ၄၅ မိနစ်ပဲ ပေးကစားခဲ့ခြင်းအတွက် ကလော့ပ် ရှင်းပြ

ယာဂန်ကလော့ပ်က ချန်ပီယံလိဂ်ပွဲအဖြစ် တီကို ကို အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်း အစမှာတင် လူစားလဲမှု ပြုလုပ်ခဲ့ခြင်းက နည်းစနစ်ပိုင်းကြောင့်ပါလို့ ရှင်းပြခဲ့ပါတယ်။

ကလော့ပ်ဟာ ထူးထူးခြားခြားအဖြစ် ဒုတိယပိုင်း စစချင်းမှာပဲ ကီတာနေရာ ဖာဘင်ဟိုနဲ့ လူစားလဲခဲ့ခြင်းဖြစ်ပါတယ်။ အသင်းရဲ့ ညာခြမ်းပိုင်းမှာ ခံစစ်ကစားပုံ လိုအပ်ချက် ရှိနေခြင်းကို ကာကွယ်ရန်အတွက် လူစားလဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကီတာက နိုင်ငံပွဲတွေကြောင့် အနည်းငယ်လည်း ပွဲပန်းနေခဲ့တယ်လို့ သူက ပြောပါတယ်။

လီဗာပူးဟာ ပွဲအစ ၈ မိနစ်မှာတင် ဆာလာရဲ့ သွင်းဂိုး၊ ၁၃ မိနစ်မှာ ကီတာရဲ့ သွင်းဂိုးတွေဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး ၂ ဂိုး ပြန်လည် ပေးခဲ့ရကာ ဆာလာရဲ့ ၇၈ မိနစ် ပင်နယ်တီ သွင်းဂိုးကြောင့် အဝေးကွင်းမှာ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကီတာဟာ လီဗာပူးအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် အသင်းကို နည်းစနစ်ပိုင်းအရ ပံ့ပိုးမှုအပိုင်းမှာ လိုအပ်ချက် ရှိခဲ့သလို အက်သလက်တီကိုရဲ့ ဂိုး ၂ ဂိုးမှာလည်း ၎င်းရဲ့ ခံစစ်ကစားပုံ အားနည်းချက်တွေက အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ပထမပိုင်း အပြီးမှာ ဖာဘင်ဟိုနဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပြီး ကလော့ကတော့ သူ့ကစားသမား ဘက်ကနေ ကာကွယ်ပြောဆို ပေးသွားခဲ့ပါတယ်။

ကလော့က “ ပထမဦးဆုံး အနေနဲ့ တီကိုရဲ့ ချေပဂိုး ၂ ဂိုးကြောင့် ကီတာကို လူစားလဲခဲ့တာ မဟုတ်ဘူးဆိုတာ ပြောပြချင်တယ်။ ကျွန်တော်တို့ ညာဘက်ခြမ်းမှာ ခံစစ်ကို ပိုကောင်းအောင် ကစားဖို့ လိုအပ်နေခဲ့တာကြောင့် အပြောင်းအလဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ခံစစ် ကစားချိန်မှာ ကျွန်တော်တို့ရဲ့ ကစားကွက်ဟာ အနည်းငယ် ပြန့်ကားနေခဲ့ပါတယ်။

ကိတ်တာက ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားမှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော် သူနဲ့ စကား ပြောထားခဲ့ပြီးသားပါ။

ပထမပိုင်းရဲ့ နောက်ဆုံး ပွဲချိန်ဝက် ကစားပုံဟာ ကီတာကြောင့် မဟုတ်ဘူးဆိုတာကို အားလုံးသိအောင် ရှင်းပြဖို့ဟာ ကျွန်တော့်အတွက် တကယ် အရေးပါပါတယ်။ သူဟာ တကယ့် ပုံစံကောင်းမှာ ရှိနေပါတယ်။

ဒါပေမယ့် သူဟာ ဂူနီယာ အတွက် ၃ ပွဲဆက်တိုက် ကစားခဲ့ရတဲ့ အပြင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း မိနစ် ၉၀ ကစားခဲ့ပါတယ်။ ပြီးတော့ ဒီနေ့မှာလည်း ပွဲထွက်ခဲ့ရပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ၄၅ မိနစ်ဟာ သူ့အတွက် အသင့်တော်ဆုံးပါပဲ။” လို့ ရှင်းပြခဲ့ပါတယ်။