ကာရာဘောင်း ဗိုလ်လုပွဲတက်သွားတဲ့ ချဲလ်ဆီး၊ အီတလီစူပါဖလားရ အင်တာနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ညက ကာရာဘောင်းဖလား ဆီးမီးဖိုင်နယ် ဒုကျော ချဲလ်ဆီးနဲ့ စပါးတို့ ပွဲစဉ်မှာ ပထမ အကျော့မှာကတည်းက ၂-၀ နဲ့ နိုင်ထားတဲ့ ချဲလ်ဆီး ဟာ ဒုတိယ အကျော့မှာလည်း ရူဒီဂါရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ ထပ်အနိုင်ရခဲ့ကာ ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အီတလီ စူပါကပ်ဖလား ဗိုလ်လုပွဲမှာ အင်တာနဲ့ ဂျူဗင်တပ်တို့ သာမန် ပွဲချိန် အတွင်း တဖက် တဂိုးစီ သရေ ကျခဲ့ပြီးနောက် အချိန်ပို ၁၅ မိနစ်စီ ဆက်လက် ကစားခဲ့ရာ လူစားဝင် တောင်ပံ ကစားသမား အလက်ဆစ် ဆန်းချက်ဇ် ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုးနဲ့ အတူ အင်တာမီလန်တို့ အီတလီ စူပါဖလား ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြတူချယ်က သူ့အနေနဲ့ စပါးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ အနိုင်ရရှိခဲ့ပေမဲ့ မပျော်မရွှင် ဖြစ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး အနေနဲ့ ပွဲကိုဒီထက်ပိုပြီးထိန်းချုပ်နိုင်ခဲ့သင့်ကြောင်း၊ အခွင့်အရေးတွေ ခပ်လွယ်လွယ် ပေးခဲ့ရပြီး မဖြစ်သင့်တဲ့ အမှားတချို့ ကျူးလွန်ခဲ့ကြောင်း၊ အကြောင်းပြချက်မဲ့ ပင်နယ်တီ ပေးရမလိုဖြစ်ခဲ့ကြောင်း တူချယ်က ညဉ်းတွားခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဂျူဗင်တပ်ကွင်းလယ်လူ အာသာကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှု အဆင်ပြေလျက်ရှိနေကြောင်း ပြင်သစ်က သတင်းတွေအရ သိရပါတယ်။ အာဆင်နယ်ရဲ့ ဇန်နဝါရီဦးစားပေးက အာသာကို အငှားနဲ့ ခေါ်ယူရေး ဖြစ်ကြောင်း RMC Sport က ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘရိုက်တန်ကြယ်ပွင့် လန်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။ မန်ယူ နည်းပြရန်နစ်ဟာ ညာနောက်ခံလူနေရာကို အားဖြည့်လိုနေပြီးဘရိုက်တန်ကတော့ သူ့အတွက် ပေါင်သန်း ၄၀ အလိုရှိနေတာပါ။

ရီးရဲမက်ဒရစ်နဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲံ ဘာစီလိုနာတိုက်စစ်မူှးဖာရန်တောရက်စ်နဲ့ ခြေစွမ်းကို အွန်လိုင်းမှာ လှောင်ပြောင်မှုတွေ ပြုလုပ်နေကြပါတယ်။ ဖာရန်တောရက်စ်ဟာ အဲဒီပွဲမှာ ပွဲထွက်ပါဝင်ကစားခဲ့ပေမဲ့ ခြေစွမ်းပြနိုင်ခြင်း မရှိကာ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။ ဖာရန်တောရက်စ်ရဲ့ခြေစွမ်းဟာ သန်း ၅၀ မတန်ကြောင်း ပရိသတ်တွေက လှောင်ပြောင်မှု ပြုလုပ်နေကြတာပါ။

အာဆင်နယ်နောက်ခံလူဟောင်း လောရင့်က အာဆင်နယ်အနေနဲ့ လာမဲ့ရာသီမှာ မန်စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်ဖွယ်ရှိနေကြောင်း၊ မန်စီးတီးနဲ့ပွဲ ပထမပိုင်းခြေစွမ်းက အာဆင်နယ်ဟာ ထိပ်တန်း အသင်းဆိုတာ ပြသခဲ့ပြီး ကံမကောင်းလို့ အနိုင်မရခဲ့တာဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ အာဆင်နယ် တစ်သင်းလုံးဟာ ယုံကြည်ချက်ရှိနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဗီလာကစားသမားသစ်ဖြစ်လာတဲ့ ကွင်းလယ်လူ ကော်တင်ဟိုက သူ့အနေနဲ့ နည်းပြဂျရတ်နဲ့ စကားအများကြီး ပြောခဲ့ပြီးပြီဖြစ်ကြောင်း၊ ဂျရတ်က အသင်းနဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို ပြောပြခဲ့ကြောင်း၊ ဂျရတ်နဲ့လက်တွဲရတာ ကျေနပ်စရာကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျူဗင်တပ် နောက်ခံလူ ချီလီနီက စီရော်နယ်ဒို ထွက်ခွာပြီးနောက် ဂျူဗင်တပ်မှာ ပြဿနာတွေ ပိုမိုများပြားလာကြောင်း၊ ရော်နယ်ဒိုဟာ ဂျူဗင်တပ်မှာ ရှိစဉ်တုန်းက ပြဿနာတွေကို ဖြေရှင်းပေးသူဖြစ်ကြောင်း၊ ရော်နယ်ဒို ထွက်သွားပြီးကတည်းက ခက်ခဲမဲ့ ရာသီ ဖြစ်လာမယ်လု့ိ မျှော်လင့်ထားခဲ့ပြီးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့က တိုက်စစ်မူှးဆာလတ်အနေနဲ့ အသင်းမှာ ဆက်နေချင်တာကို မိမိတို့ သိရှိကြောင်း၊ အသင်းအနေနဲ့လည်း ဆာလတ်ကို ထိန်းသိမ်းထားလိုကြောင်း၊ မိမိတို့အနေနဲ့လည်း ဆာလတ်ကိုအသင်းမှာ ဆက်ထိန်းထားလိုကြောင်း၊ ဒီကိစ္စဟာ အချိန်ယူရမှာဖြစ်ပြီး မိမိအနေနဲ့အကောင်းတွေးထားကြောင်း ဖွင့်ဟခဲ့ပါတယ်။