ငွေကြေးအားကိုးနဲ့ အနီးကပ် ပြိုင်ဘက်ကို အင်အားနည်းအောင် စီမံလာတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ဘန်လေအသင်းမှာ တိုက်စစ်သမား ခရစ်ဝုဒ်ကို သူ့ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ စီစဉ်လာပါတယ်။

အသက် ၃၀ အရွယ် နယူးဇီလန် တိုက်စစ်သမားဟာ ဒီအပတ် ဝတ်ဖိုဒ့်နဲ့ပွဲမတိုင်ခင် နယူးကာဆယ်နဲ့ ဆေးစစ်သွားဖို့ ရှိနေတယ်။ မန်နေဂျာအက်ဒီဟောင်ရဲ့ အသင်းက သူ့ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ပေးချေမယ်လို့ သိရတာဖြစ်ပါတယ်။

၂၀၁၇ မှာ ဘန်လေအသင်းကို ပြောင်းလာပြီးတဲ့နောက် ဝုဒ်ဟာ ပရီးမီးယားလိဂ်ပွဲ ၁၆၅ ပွဲမှာ သွင်းဂိုး ၅၃ ဂိုး သွင်းယူထားသူဖြစ်တယ်။ သူဟာ ဒီရာသီမှာတော့ သွင်းဂိုး ၃ ဂိုးပဲ ရယူထားနိုင်ပါတယ်။

ဘန်လေမန်နေဂျာ ဆမ်ဒိုက်ကတော့ တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်အသင်းကို ကလပ်ရဲ့ အဓိက ကစားသမားအား လက်လွတ်ပေးရမှာအတွက် စိတ်ပျက်နေတယ်။ ၎င်းတို့အတွက်က ဇန်နဝါရီမှာ တိုက်စစ်သမား အစားထိုး ခေါ်ယူမှု ပြုလုပ်ဖို့လည်း ခက်ခဲသွားမယ့် အခြေအနေ ဖြစ်ပါတယ်။

နယူးကာဆယ်က အက်သလက်တီကို အသင်းကနေ ထရစ်ပီယာကို ပေါင် ၁၂ သန်းဖြင့် ခေါ်ယူအပြီး တူညီတဲ့ အေဂျင်စီလက်အောက်မှာရှိတဲ့ ခရစ်ဝုဒ်အတွက်ပါ ကြိုးစားလာခဲ့တာပါ။ ဒီအပြောင်းအရွှေ့ဟာ ဝဲလ်ဆန်ကို ၈ ပတ်ကြာ လက်လွတ်ရမှာဖြစ်လို့ အားနည်းနေတဲ့ နယူးကာဆယ်တိုက်စစ်အတွက် အင်အားဖြည့်မှုတင် မကဘဲ ပြိုင်ဘက် ဘန်လေကိုလည်း အထိနာစေမယ့် ကိစ္စဖြစ်ပါတယ်။

နယူးကာဆယ်က တိုရီနိုအသင်းက အသက် ၂၄ နှစ်အရွယ် ဗဟိုခံစစ်သမား ဘရီမာကိုလည်း ချိတ်ဆက်နေပြီး ဘရာဇီးခံစစ်သမားကို ခေါ်ယူနိုင်ဖို့ အားတွန်းနေသေးတာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ဇန်နဝါရီမှာ အသုံးစရိတ် ဘယ်လောက်ထုတ်မယ် မသိရသေးပေမယ့်လို့ ပိုင်ရှင်ဟောင်းလက်ထက် လုပ်ဆောင်ထားနိုင်တဲ့ ဘဏ္ဍာရေးဟန်ချက်ညီမှုအရ ပေါင် သန်း ၂၀၀ အထိ သုံးခွင့်ရထားတာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယား အခြေအနေအရ ဝတ်ဖိုဒ့်၊ ဘန်လေ၊ နယူးကာဆယ်၊ နောဝစ်ချ်တို့ဟာ တန်းဆင်းဇုန် ၃ သင်းနေရာကနေ ကင်းလွှတ်နိုင်ဖို့ အပြိုင်ကြိုးစားနေတာပါ။ နယူးကာဆယ်က ဘဏ္ဍာရေးကို အားကိုးပြီး ဒုတိယရာသီဝက်မှာ ရလဒ်ကောင်းတွေ ရယူသွားဖို့ကို အာရုံစိုက်နေတာ ဖြစ်ပါတယ်။