ဒီည လီဗာပူးနဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ်မှာ အာဆင်နယ် ဘယ်လိုလာမလဲ အက်ရှ်လေကိုးလ် သုံးသပ်

ဒီည လီဗာပူးနဲ့ အန်ဖီးမှာ ကစားသွားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် မတိုင်မီ အက်ရ်ှလေကိုးက သုံးသပ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကိုးက သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် ဟာ ဒီရာသီမှာ ဆုဖလား ရနိုင်မယ့် အကောင်းဆုံး အခွင့်အရေး ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကစားရမယ့် ပကျော့ကို လီဗာပူးရဲ့ ကိုဗစ်ကူးစက်မှုတွေကြောင့် တစ်ပတ် ရွေ့ဆိုင်းခဲ့တာ ဖြစ်ပြီး ယနေ့ညမှာတော့ အန်ဖီးမှာ ပထမအကျော့ကို ကစားသွားရမှာ ဖြစ်ပါတယ်။

အာဆင်နယ် နဲ့ ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သူ အက်ရ်ှလေကိုး ကတော့ အင်္ဂလန်ရဲ့ အင်အားကြီး ၂ သင်း မာဆေးဆိုက်မှာ ကစားသွားရမယ့် ပွဲစဉ်ဟာ တကယ့်ကို ကြည့်ကောင်းမယ့် ပွဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့် နေပါတယ်။

အက်ရ်ှလေကိုး က “ကျွန်တော် ကတော့ လီဗာပူးဟာ အာဆင်နယ် အတွက် အနည်းငယ် ကောင်းလွန်းနေလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ လက်ရှိမှာ မိုဆာလာ နဲ့ ဆာဒီယိုမာနေး တို့ကို လက်လွှတ်ထားရတယ် ဆိုတာ ကျွန်တော် သိပါတယ်။

ဒါပေမယ့် သူတို့ဟာ အာဆင်နယ် အတွက် အနည်းငယ် ကောင်းလွန်းနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီပွဲဟာ အရမ်းကောင်းပြီး ကြည့်လို့ ကောင်းမယ့် ပွဲစဉ် ဖြစ်လာမှာတော့ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဂန်းနားတို့ဟာ ဒီပွဲစဉ်မတိုင်မီ မန်စီးတီးကို ပရီးမီးယားလိဂ်မှာ ရှုံးနိမ့်ခဲ့တဲ့ အပြင် နော့တင်ဟမ်ဖောရက်ကို အက်ဖ်အေ ဖလား မှာ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။

ကိုးလ်က အာဆင်နယ် ကစားသမားတွေ အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ် တစ်ချို့က ရလဒ်တွေ အပေါ် စိတ်ပျက်နေမှာ ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

ကိုးလ်က “သူတို့ဟာ နော့တင်ဟမ်ဖောရက်စ် ကွင်းမှာ ကစားပုံ မကောင်းခဲ့ပါဘူး။ လိဂ်ဖလား ဆီမီးဖိုင်နယ် အဆင့်ကို ရောက်နေပြီ ဖြစ်တာကြောင့် ဒါဟာ ဖိုင်နယ်ကို တက်ရောက်နိုင်ရန် အရမ်းကောင်းတဲ့ အခွင့်အရေး ဖြစ်ပြီး အာဆင်နယ်ဟာ ဒီလို အဆင့်မှာ ရှိသင့်တဲ့ အသင်းပါ။ ဒါပေမယ့် သူတို့ဟာ အရမ်းကို ကစားရ ခက်ခဲတဲ့ လီဗာပူး အသင်းနဲ့ ရင်ဆိုင် သွားရမှာပါ။” လို့ ဆိုလိုက် ပါတယ်။