စပါးကိုနိုင်ပြီး ချဲလ်ဆီးက ကာရာဘောင်း ဖိုင်နယ်တက်သွားပေမယ့် မပျော်နိုင်တဲ့ တူချယ်

ချဲလ်ဆီး အသင်းဟာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ မနေ့ညက ကာရာဘောင်း ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာလည်း အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာတင် ရူဒီဂါက သွင်းယူပေးခဲ့ခြင်းဖြစ်တယ်။ စပါး ဘက်ကလည်း ပင်နယ်တီ ရဖို့ရှိခဲ့သေးပေမယ့် VAR က ခွင့်မပြုခဲ့သလို အနေအထား အချို့မှာ ကံကောင်းခဲ့ခြင်း ကြောင့်လည်း ချဲလ်ဆီး က နိုင်ပွဲရခဲ့ခြင်း ဖြစ်ပါတယ်။

ချဲလ်ဆီး နည်းပြ တူချယ်ကတော့ ပွဲကို နိုင်ပြီး ဗိုလ်လုပွဲ ရောက်ခဲ့ပေမယ့် စိတ်တိုင်းမကျစရာတွေ ရှိခဲ့တာကြောင့် မပျော်ရွှင် ဖြစ်နေပါတယ်။

တူချယ် က – ” ကျနေ်ာတို့ အစကောင်းခဲ့ပါတယ်။ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ အမှားတွေ ကနေ အခွင့်အရေးတွေ ပြန်ခွင့်ပြုရတယ်။ ပင်နယ်တီ ကနေ ဂိုးပေးရလုဖြစ်ခဲ့တာကတော့ ယုံကြည်မှု လွန်ကဲနေခြင်းကြောင့်ပါပဲ။ ဒုတိယ ပင်နယ်တီကလည်း အဲ့လိုပါပဲ။ အာရုံစိုက်မှု မရှိခြင်းနဲ့ ယုံကြည်မှု လွန်ကဲခြင်းကြောင့် ဖြစ်ခဲ့တာပါ။

နောက်ထပ် ပင်နတီမပေးရဖို့ VAR ဆုံးဖြတ်ချက်က အရေးပါခဲ့ပါတယ်။ ဒီလို ထိုက်တန်တဲ့ ရလဒ်တစ်ခု ရဖို့ဆိုတာ ကျနေ်ာတို့ ပိုကောင်းကောင်း ကစားနိုင်ဖို့ လိုပါတယ်။

ကျနေ်ာတို့ အဆင့်အတန်းတစ်ခုမှာ ရှိရပါမယ်။ ကျနေ်ာတို့က ချဲလ်ဆီး အတွက် အလုပ်လုပ်နေပြီး ချယ်ဆီးအတွက် ကစားပေးနေတာပါ။ အခြား ဘာကမှ အရေးမကြီးပါဘူး။ ရလဒ်တင် မဟုတ်ဘဲ ပိုကောင်းကောင်းလည်း ကစားနိုင်ဖို့ လိုပါတယ်။

နေရာလွတ်တွေကို ပိုကောင်းကောင်း ပိတ်နိုင်ရမယ်။ ခံစစ်ပိုင်း ပိုကောင်းရမယ်။ တစ်ဦးချင်းတွေကောပေါ့။ ပွဲကို ပိုထိန်းချုပ်နိုင်ပြီး အမှားလည်း နည်းရမယ်။ ဘယ်အပိုင်းမှာ မဆို ကျနေ်ာတို့ ပိုကောင်းလာနိုင်ပြီး ပိုကောင်းကောင်း လုပ်ရမှာဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။