အတ္တလန်တာပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့သလဲ Player Ratings

အတ္တလန်တာပွဲမှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် (rating) တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဂီယာ (7)

ဒီနှစ် ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမား ဖြစ်တယ်ဆိုတာကို ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု ၊ နှစ်ချက်ဆင့် ပုတ်ထုတ်မှုတွေနဲ့ ဆက်လက် သက်သေပြနိုင်ခဲ့ပါတယ် ။

ဘစ်ဆာကာ (6)

သူ့ဖက်က ခံစစ်ပေါက်တာမျိုး တော်ရုံမရှိစေခဲ့ပေမဲ့ တိုက်စစ်ကိုတော့ လိုက်ပါ ဖြည့်စွက်ရုံသာ ကစားပေးနိုင်ခဲ့ပြီး ထူးခြားမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး ။ ပြနေကျ သာမန် စွမ်းဆောင်ရည်ကိုပဲ ဆက်ပြသနိုင်ခဲ့ပါတယ် ။

ဗစ်တာ လင်ဒီလော့ဖ် (5.5)

သူ့နေရာအတွက်တော့ တာဝန်ကျေခဲ့ပေမဲ့ ဘေးနားက အသင်းဖော် ညံ့နေခဲ့တဲ့ အချိန်တွေမှာ ဖြည့်စွက် ကစားပေးနိုင်စွမ်း ကင်းမဲ့နေခဲ့ပါတယ် ။ ဇာပါတာကို ထိန်းချုပ်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။

မက်ဂွားယား (6)

ပေးဂိုး နှစ်ဂိုးလုံးအတွက် အမှားမကင်းသူ ဖြစ်ခဲ့ရပေမဲ့ နောက်ပိုင်း ကစားပုံ ပြန်လည် တည်ငြိမ်လာခဲ့သလို ခြေပဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ် ။

လုခ်ရှော (7)

သူ့ဖက်ခြမ်း ခံစစ်ပိုင်း အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့သလို ဒုတိယပေးဂိုးအတွက်လည်း အမှား မကင်းသူ ဖြစ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ တိုက်စစ်ပိုင်း တာဝန် ကျေပွန်ခဲ့ပြီး ရော်နယ်ဒိုရဲ့ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

တော်မီနေး (5)

ကွင်းလယ်ပိုင်းရော ခံစစ် ကစားပုံ စွမ်းရည်ပါ သာမန်အောက် ကျဆင်းနေခဲ့ရပါတယ် ။ ဂိုးပေါက် ခြိမ်းခြောက်မှုတစ်ကြိမ် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဂိုးတိုင်ထိပြီး ပြန်ထွက်ခဲ့ပါတယ် ။

ဖရက်ဒ် (6)

ဘောလုံး ပေးပို့မှု အနည်းငယ် မှားခဲ့တာက လွဲရင် သူ့ရဲ့ ကစားအား ၊ ပြိုင်ဖက်တွေကို စိတ်အနှောက်အယှက် ပေးနိုင်မှု အရည်အသွေးက ဒီပွဲမှာ ပိုမို ပေါ်လွင်ခဲ့ ပါတယ် ။ တိုးတက်လာပြီလို့ ဆိုရမဲ့ အရည်အသွေး အချို့ ပြသနိုင်ခဲ့ပါတယ် ။

ဂရင်းဝုဒ် (5)

တော်မီနေး နည်းတူ ဒီပွဲမှာ ညံ့ခဲ့သူ နောက်ထပ် တစ်ဦးကတော့ မေဆွန် ဂရင်းဝုဒ် ပါပဲ ။ အသင်းလိုက် ကစားဟန်တွေမှာ ပါဝင်ပတ်သက်နိုင်စွမ်း နည်းပါးနေခဲ့သလို တစ်ကိုယ်တော် စွမ်းရည်တွေလည်း မျှော်လင့်သလောက် မပြသနိုင်ခဲ့ပါဘူး ။

ဘရူနို (7)

ပထမပိုင်းမှာတော့ အတော်လေး ညံ့ခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကစားပုံ လုံးဝ ပြောင်းလဲသွားခဲ့ရပြီး အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့သလို ရပ်ရှ်ဖို့ ၊ မက်ဂွားယား တို့ရဲ့ ဂိုးတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (6)

အစောပိုင်း မိနစ်တွေမှာ အခွင့်အရေး အချို့ကို ဖြုန်းတီးခဲ့တာက လွဲရင် ကစားပုံ ၊ ပြိုင်ဖက် ခံစစ်မှူးတွေကို ဖိအားပေးပုံ ကောင်းခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ အသင်းမှ လိုအပ်နေခဲ့တဲ့ အဖွင့်ဂိုးကို အစပြုပေးနိုင်ခဲ့ပြီး ဒဏ်ရာ မရခင်အထိ ကောင်းကောင်း ကစားပေးနိုင်ခဲ့ပါတယ် ။

ရော်နယ်ဒို (7)

2-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲချိန်တွေမှာ ကစားပုံ အားရစရာ မရှိခဲ့ပေမဲ့ ဖရက်ဒ် အတွက်တော့ အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါသေးတယ် ။ ရပ်ရှ်ဖို့ရဲ့ ဂိုး ရရှိခဲ့တဲ့နောက်တော့ စစ်မှန်တဲ့ ရော်နယ်ဒိုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ဆာလောင်မှု အပြည့်နဲ့ တိုက်စစ်ဆင်မှု ၊ ခံစစ်ကိုပါ အားတက်သရော ဆင်းကူမှုတွေကို မြင်တွေ့ခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ…

ကာဗာနီ (5.5)
ပေါ့ဂ်ဘာ (6)
ဆန်ချို (6)