မန်စီးတီးနဲ့ ချယ်ဆီး ထိပ်တိုက်တွေ့ရာမှာ အနိုင်ရမယ့် အသင်းကို ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆန်

ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ကို ပွဲအားလုံး ကစားကြမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒီအပတ်ပွဲတွေထဲမှာ ပွဲကြီးပွဲကောင်းဖြစ်လာဖို့ရှိတဲ့ မန်စီးတီးနဲ့ ချယ်ဆီးပွဲအတွက် နာမည်ကျော် ဘောလုံးဝေဖန်ရေးသမား ပေါလ်မာဆန်က အခုလို သုံးသပ်သွားပါတယ်။

မန်စီးတီး Vs ချယ်ဆီး

ချယ်ဆီးက ဒီပွဲကို မနိုင်ရင် ပရီးမီးယားလိဂ် ဖလားပြိုင်ပွဲကနေ ဘေးထွက်သွားပါပြီ။ ဇန်နဝါရီလလယ်မှာ ဒီလိုမျိုး ပြောရတာ မကောင်းပေမယ့် ဒါက တကယ့် လက်တွေ့ အခြေအနေပါပဲ။

ဒါက ကြီးမားတဲ့ ပွဲတစ်ပွဲပါ။ ဒါပေမယ့် အမှတ်ပေးဇယားကို ကြည့်လိုက်ရင် မန်စီးတီးက ဒီပွဲကို ရှုံးရင်တောင် ဖလားအောင်မြင်ဖို့ အခြေအနေ ကောင်းနေဦးမှာပါ။

ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်ဆီးကို ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါက ဒီရာသီမှာ မန်စီးတီးတို့ ဘယ်လောက်တောင် ကောင်းခဲ့တယ်ဆိုတာကို ပြသနေပြီး ဒီတစ်ပတ်မှာလည်း နောက်ထပ်နိုင်ပွဲတစ်ပွဲ ရရှိဦးမယ် ထင်ပါတယ်။

ဒီနှစ်သင်းကို ချန်ပီယံလိဂ်မှာလည်း ထပ်မံတွေ့စေချင်ပါတယ်။ ဒါကြောင့် ဒီပွဲက ကြီးမားတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခု ဖြစ်ပါလိမ့်မယ်။

ချယ်ဆီးဟာ ဗုဒ္ဓဟူးညမှာ တစ်ပွဲကစားခဲ့ရပြီး ပိတ်ရက်မှာ ဒီပွဲကို ဆက်ကစားရဦးမှာပါ။ တိုက်စစ် ရွေးချယ်စရာအပိုင်းမှာ သောမတ်စ်တူချယ်အနေနဲ့ ဘယ်သူ့ကို ရွေးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကိုင်ဟားဗတ်ဟာ ပထမအကျော့မှာ ထူးချွန်ခဲ့ပြီး ချယ်ဆီးကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့တာပါ။

ဒါပေမယ့် မြန်နှုန်းနဲ့အတူ ကြီးမားတဲ့ အဖိုးတန်တစ်ယောက် ဖြစ်နိုင်တဲ့ တီမိုဗာနာလည်း ရှိပါသေးတယ်။ ဗာနာကစားမယ်ဆိုရင် သူဟာ ကိုင်လီဝေါ်ကာရဲ့ မြန်နှုန်းကို ယှဉ်ဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့ အခွင့်အရေး ရရှိနိုင်ပါတယ်။

တဖက်က ကိုင်ဟားဗတ်ဟာ အသင်းတွေကို ထိုးဖောက်တိုက်စစ်ဆင်ပြီး ဧရိယာထဲမှာ ပါးပါးနပ်နပ် ပြေးလွှားမှုတွေ လုပ်နိုင်တဲ့ ဦးနှောက်ကောင်းကို ပိုင်ဆိုင်ထားတာကြောင့် တူချယ်အတွက် အရေးပါတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2-1 ချယ်ဆီး