စကိုင်းစပေါ့ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ ထွက်ပါပြီ
ဒီတပတ် ပရီးမီးယားလိဂ် မှာ အသင်းကြီးတွေချင်း ထိပ်တိုက်တွေ့တဲ့ ပွဲကြီး ပွဲကောင်းတွေ ပါဝင်လို့နေပါတယ်။ ဒီပွဲစဉ်တွေ အတွက် စကိုင်းစပေါ့မှ လူးဝစ် ဂျုံးစ် ရဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မန်ချက်စတာ စီးတီး – ချဲလ်ဆီး
ဒီပွဲဟာ ချဲလ်ဆီး ရဲ့ ချန်ပီယံ မျှော်လင့်ချက် အတွက် နောက်ဆုံး အခွင့်အရေး လို့တောင် ဆိုရမှာပါ ။ သူတို့ ၂ သင်းကြားက အမှတ်ကွာဟမှု က ၁၀ မှတ်ထိ ရှိပါတယ်။ ဒီပွဲ ကို စီးတီး နိုင်သွားခဲ့မယ် ဆိုရင်တော့ ၁၃ မှတ် ဆိုတာကြီးက ဘယ်လိုမှ လိုက်လို့ ဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီပွဲမှာ ချဲလ်ဆီး ရဲ့ ရုန်းအား ကို မြင်ရနိုင်ပါတယ်။

နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ချဲလ်ဆီးက အသာရ ထားပါတယ်။ ဒါပေမယ့် အခု စီးတီး က အရင်နှစ်တုန်းက စီးတီး ထက် အများကြီး ပိုကောင်းနေပြီး ချဲလ်ဆီး ရဲ့ လက်ရှိ အနေအထား ကတော့ ပြီးခဲ့တဲ့ ၂ လ လောက်ကထက် နည်းနည်း နိမ့်နေတယ်လို့ ပြောရမှာပါ။
မန်စီးတီး ကတော့ ကျိန်းသေ တိုက်စစ်ဆင် ကစားမှာပါ။ ဒါကို တူချယ် ဘယ်လို ပြင်ဆင် လာမလဲ ဆိုတာ စိတ်ဝင်စား စရာပါပဲ။ သူတို့ ၂ သင်း တွေ့တဲ့ ပွဲတွေမှာ ဂိုးများလေ့ မရှိပါဘူး။ ဒီ တပွဲလည်း ဂိုးပြိုင် သွင်းဖို့ထက် ချဲလ်ဆီး ခံစစ် ကို စီးတီး က ထိုးဖောက်ရင်း ချဲလ်ဆီး ရဲ့ တန်ပြန် တိုက်စစ်တွေကို ခုခံ ကစားသွားမှာပါ။
မန်စီးတီး နိုင်ဖို့ အလားအလာ ကောင်းပါတယ်၊ ဒီလိုမှ မဟုတ်ရင်တော့ သရေ ပါပဲ၊ ချဲလ်ဆီး က အစ်တီဟတ် မှာ နိုင်ဖို့ လောက် အထိတော့ မတွေးရဲသေးပါဘူး။
ခန့်မှန်းချက် – မန်စီးတီး ၁ – ၁ ချဲလ်ဆီး
အက်စတွန် ဗီလာ – မန်ချက်စတာ ယူနိုက်တက်
ဘွတ်ကီတွေရဲ့ အလေးပေးမှု ကို မှားမှာစိုးလို့ ၃ ခေါက်လောက် ပြန်ကြည့်လိုက်ရ ပါတယ်။ ဟုတ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် က ဒီပွဲကို နိုင်ဖို့ များတယ်လို့ အလေးပေး ထားကြတာပါ။ ဘွတ်ကီတွေ ကတော့ သူတို့ ရဲ့ နည်းနဲ့ သူတို့ သတ်မှတ် ကြမှာပါ။ မြေပြင် က အခြေအနေ ကတော့ အားလုံး သိကြတဲ့အတိုင်းပါပဲ။

FA Cup တုန်းက အိုးထရက်ဖိုဒ့်မှာ ကစားသွားတဲ့ ဗီလာ ရဲ့ ကစားပုံက ဒီတပွဲ ကို ဘယ်လိုမှ မရှုံး နိုင်ဘူး ဆိုတာ ပြောပြ နေသလိုပါပဲ။ အခု သူတို့မှာ ကွင်းလယ် တိုက်စစ်သမား တယောက် နဲ့ ဘယ်နောက်ခံလူ တယောက် ထပ်ရောက် လာပါပြီ။
မန်ချက်စတာ ယူနိုက်တက် မှာတော့ အကွဲအပြဲတွေ က ထင်တာထက် ပိုများ နေတယ် ဆိုတာ ရိုနယ်ဒို ရဲ့ အင်တာဗျူး ကို ကြည့်လိုက်သူတွေ ရိပ်စား မိကြမှာပါ။
ရန်းနစ် လက်အောက်မှာ ယူနိုက်တက် တို့ ဂိုးများများ မသွင်းနိုင်ပါဘူး၊ ဒါကလည်း အရိုးစွဲ နေတဲ့ ကစားကွက် ကို ပြောင်းလဲ လိုက်တာ နဲ့ အများကြီး သက်ဆိုင်ပါတယ်။
ဆိုးရှား သာ ဆိုရင် ဒီပွဲ မှာ ခံစစ် အထိုင်ချပြီး တန်ပြန် တိုက်စစ် နဲ့ပဲ ကစားသွားမှာပါ။ ရန်းနစ် ကတော့ ဒီလိုမျိုး လုပ်မယ့်ပုံ မပေါ်ပါဘူး။ ရိုနယ်ဒို ပြန်ပါလာပါမယ်။ ဒါကပဲ သူတို့ ကို အစီအစဉ် တကျ မဖြစ်စေမှာပါ။ ဗီလာ ရှုံးစရာ အကြောင်းမရှိပါဘူး ။
ခန့်မှန်းချက် – အက်စတွန် ဗီလာ ၂ – ၁ မန်ချက်စတာ ယူနိုက်တက်

အခြားပွဲစဉ် ခန့်မှန်းချက်များ
ဘရိုက်တန် ၂ – ၁ ပဲလေ့စ်
ဘန်လေ ၁ – ၂ လက်စတာ စီးတီး
နယူးကာဆယ် ၂ – ၁ ဝက်ဖိုဒ့်
နောဝှစ်ချ် ၁ – ၁ အဲဗာတန်
ဝုဗ် ၁ – ၀ ဆောက်သမ်တန်