ကိုဗစ် မဖြစ်ဘဲ ပွဲရွှေ့ဖို့ တောင်းဆိုလိုက် ခွင့်ပြုလိုက်တွေက မဖြစ်သင့်ဘူးလို့ တူချယ် ထုတ်ဖော် ကန့်ကွက်
ဒီတပတ် ကစားမယ့် ဘန်လေနဲ့ လက်စတာ ပွဲဟာ လက်စတာ အသင်း အတွင်း ကိုဗစ် ပေါ့စတစ် ဖြစ်တဲ့ ကစားသမား အနည်းအကျဉ်းသာ ရှိပေမယ့် ဒဏ်ရာရ ကစားသမားတွေနဲ့ အာဖရိကနိုင်ငံများ ဖလားသို့ စေလွှတ်ခဲ့ရတဲ့ ကစားသမားတွေကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှ ရွှေ့ဆိုင်းပေးခဲ့ပါတယ်။
ထို့အတူ မနက်ဖြန်ညမှာ ကစားမယ့် မြောက်လန်ဒန်ဒါဘီ စပါးနဲ့ အာဆင်နယ် ပွဲဟာလည်း အာဆင်နယ် အသင်း အတွင်း ဒဏ်ရာနဲ့ အာဖရိက ဖလားသို့ စေလွှတ်ထားတဲ့ ကစားသမားတွေ များပြားနေတဲ့ အတွက် ပထမ အသင်းသား မလုံလောက်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲရွှေ့ဆိုင်းဖို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ တောင်းဆိုထားပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပွဲရွှေ့ဆိုင်းမှု လုံးဝ မရှိထားတဲ့ ချဲလ်ဆီး အသင်းရဲ့ နည်းပြ တူချယ် ကတော့ ကိုဗစ်ကြောင့် မဟုတ်ဘဲ ပွဲရွှေ့ဆိုင်းခြင်းကို လုံးဝ ကန့်ကွက်လိုက်ပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ် အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရပဲ အသင်းတိုင်း အတွက် မျှမျှတတ ဆုံးဖြတ်ပေးရမှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

တူချယ် က ” ကျွန်တော် ကတော့ ဒီလို ပွဲရွှေ့ဆိုင်းမှုမျိုး လုံးဝ လုံးဝ ဖြစ်မလာဖို့ မျှော်လင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်တော် အရမ်း အရမ်း ဒေါသထွက်မိမှာပါ။ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး ပွဲတွေ ကျင်းပနိုင်ဖို့ လုပ်နေရတာပါ။ ”
” ကျွန်တော်တို့ အသင်းဆိုရင် ကိုယ့်အမြင် အရ ကစားဖို့ အဆင်မပြေတော့တဲ့ ပွဲတောင် ကစားခဲ့ရပါသေးတယ်။ ဒီတော့ စည်းမျဉ်းစည်းကမ်းတွေ ဆိုတာ အသင်းတိုင်း အတွက် တန်းတူညီတူ ဖြစ်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချဲလ်ဆီး အသင်း ဟာ ဒီဇင်ဘာလ အတွင်း ကိုဗစ် ကူးစက်ခံခဲ့ရတဲ့ ကစားသမား ၇ဦး အထိ ရှိခဲ့ပြီး ဒဏ်ရာ ပြဿနာတွေပါ ထည့်တွက်ရင် တသင်းစာ အထိ ရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှ ဝုဗ် – ချဲလ်ဆီး ပွဲကို ရွှေ့ဆိုင်းပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

လက်ရှိ ချဲလ်ဆီး အသင်းမှာလည်း ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန် ဟာ ကိုဗစ် ပေါ့စတစ် ဖြစ်နေပြီး အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ယှဉ်ပြိုင် နေရတဲ့ ပွဲထွက် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီလည်း မရှိနေပါဘူး။
ဒူးအရွတ် ဒဏ်ရာ ခွဲစိတ်ထားလို့ ရာသီကုန် အထိ နားရမယ့် ဘယ်နောက်ခံလူ ဘန်ချေဝဲလ်၊ တံကောက်ကြော ဒဏ်ရာကြောင့် တလ နားရမယ့် ညာနောက်ခံလူ ရိစ်ဂျိမ်းစ်၊ ကြွက်သား ဒဏ်ရာကြောင့် ၂ပတ်ခန့် နားရမယ့် ခံစစ်မှူး ထရက်ဗာ ချာလိုဘာ တို့ဟာလည်း ယနေ့ည မန်စီးတီးနဲ့ ပွဲကို လွဲချော်ကြမှာ ဖြစ်ပါတယ်။