ကိုဗစ်အပြင် နှလုံးရောဂါပါ ရှိနေတဲ့ အူဘာ၊ ကွန်တီရဲ့ ချီးကျူးသံ၊ ပွဲရွှေ့ဖို့ တောင်းဆိုမှုနဲ့ အာဆင်နယ် သတင်းများ
အာဆင်နယ်အနေနဲ့ လူအင်အား မလုံလောက်ခြင်းကြောင့် တနင်္ဂနွေနေ့ စပါးနဲ့ယှဉ်ပြိုင်မဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်ထံ တောင်းဆို ထားပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ ဂျာကာ၊ အယ်လ်နီနီ၊ ပါတေး၊ အိုဒီဂတ်၊ စမစ်ရို့စ်၊ ပီပီ၊ တိုမီယာဆု၊ အူဘာမီယန်၊ ဆီဒရစ်တို့ ပါဝင်နိုင်ခြင်း မရှိသလို ဆာကာရဲ့ အခြေအနေကလည်း စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။
အာဆင်နယ် တိုက်စစ်မှုး အူဘာမီယန်ကတော့ ကိုဗစ်ကူးစက်ပြီးနောက် နောက်ဆက်တွဲ နှလုံးရောဂါပြဿနာပါ ပေါ်ပေါက် ခဲ့တဲ့အတွက် ဂါဘွန်ရဲ့ အာဖရိကဖလားပွဲစဉ်ကို ဆက်လက် လွဲချော်ဦးမှာဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ် ဆရာဝန်တွေဟာ ဂါဘွန်ဆရာဝန်တွေနဲ့ ဆွေးနွေးနေပြီး အူဘာရဲ့ အခြေအနေဟာ မဆိုးရွားဘူးလို့လည်း သိရပါတယ်။

စပါးနည်းပြ ကွန်တီကတော့ မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် အာဆင်နယ်နဲ့ နည်းပြ အာတီတာကို ချီးကျူးခဲ့ပြီး အာဆင်နယ် ဟာ အလွန်ကြိုးပမ်းနေကာ အရေးကြီးတဲ့ တစ်စုံတစ်ရာကို စတင် တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အာတီတာကလည်း ကစားသမားတွေနဲ့ ကောင်းမွန်စွာ လက်တွဲလုပ်ဆောင်လျက်ရှိနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ အာသာ မယ်လို ကို ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ရာသီကုန် အထိ အသင်းမှာ ဆက်လက် ထိန်းထားလိုနေပါတယ်။
လက်စတာ နည်းပြ ရော်ဂျာက ကွင်းလယ်လူ တိုင်လီမန့်စ်အနေနဲ့ အာဆင်နယ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် “တိုင်လီမန့်စ်က အသင်းမှာ အလွန်ပျော်ရွှင်နေပါတယ်။ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲကတစ်ယောက်ပါ။ သူက အသင်းအပေါ်ပဲ အာရုံစိုက်ထားပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က လီဗာပူးနဲ့ပွဲက ဂျာကာရဲ့ အနီကတ်ဟာ ထိုက်တန်သလားလို့ အမေး ခံခဲ့ရာမှာတော့” ကျွန်တော်လည်း မသိပါဘူး။ ဂျာကာက ဘောလုံးကိုပဲ ကြည့်နေခဲ့ပြီး ပြိုင်ဘက်က ဘယ်မှာ ရှိနေသလဲ ဆိုတာ မသိခဲ့ပုံပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက စွမ်းရည်ကောင်းကို ပြသနိုင်ခဲ့ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးဂန္ထဝင်ဟောင်း အီရန်ရပ်ရှ် ကတော့ ပီအက်စ်ဂျီကွင်းလယ်လူ ဝိုက်နယ်ဒမ် အနေနဲ့ နယူးကာဆယ်ထက် စာရင် အာဆင်နယ်ကိုသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက လူငယ်ကြယ်ပွင့် ဆာကာအနေနဲ့ အမြန်ဆုံးပြန်လည် သက်သာလာဖို့ မျှော်လင့်ကြောင်း၊ ဆာကာဟာ လွန်ခဲ့တဲ့ လတွေအတွင်း ပွဲစဉ်များစွာ ကစားခဲ့ရပြီး အခြေအနေကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်း၊ ဆာကာဟာ အလွန်မောပန်းနွမ်းနယ်နေကြောင်း ဆိုခဲ့ပါတယ်။၏