၇ ဦးထိ ရှိနေတဲ့ အာဆင်နယ်ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ပစ်မှတ်များနဲ့ အလားအလာ

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာဟာ ဒီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ်ခေါ်ယူမှုတချို့ လုပ်ဖို့ ရှာဖွေနေပါတယ်။ အာဆင်နယ်ဟာ မကြာသေးမီက အပတ်တွေအတွင်း ဗလာဟိုဗစ်အတွက် ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ လုပ်ခဲ့တာဖြစ်ပြီး သူဟာ အာတီတာရဲ့ ထိပ်တန်းပစ်မှတ်တစ်ယောက် ဖြစ်နေဆဲပါ။

ဒါပေမယ့် အာဆင်နယ်ဟာ ကွင်းလယ်လူ တော်ရဲရားကို ပေါင်သန်း ၅၀ နဲ့ ရောင်းချရဖို့ ရှိနေတာနဲ့အတူ ဖီအိုရင်တီးနား တိုက်စစ်မှူးကို ခေါ်ယူဖို့က အရမ်းခက်ခဲမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဂျူဗင်တပ်ကွင်းလယ်လူ အာသာ မယ်လိုနဲ့လဲ ချိတ်ဆက်မှု ရှိခဲ့ပါတယ်။ အာတီတာဟာ သူ့ရဲ့ ပရိသတ် တစ်ယောက်ဖြစ်ပြီး ဘရာဇီးသားနဲ့ သီးသန့်ဆက်သွယ်မှု လုပ်ခဲ့သေးသလို ကွင်းလယ်လူကိုယ်တိုင် အသင်း ပြောင်းရွှေ့ချင် နေပေမယ့် စီးရီးအေကလပ်က တားဆီးပိတ်ပင်နေတာပါ။

ဂျူဗင်တပ်ဟာ သူ့ကို ထွက်ခွာခွင့်မပေးခင် အစားထိုးစရာ အရင်ဆုံး ရလိုနေပြီး ချယ်ဆီးရဲ့ ရူဘန်လော့ဖ်တပ်ချိခ်နဲ့ ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် ပိုကောင်းတဲ့ ခေါ်ယူမှုတစ်ခုကတော့ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ယူရီ တီလီမန်းစ် ဖြစ်မှာပါ။ လက်စတာ စီးတီး ကြယ်ပွင့်ဟာ ပမာဏအနည်းငယ်သာ ကုန်ကျမှာဖြစ်ပေမယ့် အာဆင်နယ် အတွက် တိုက်စစ်ရော ခံစစ်ကိုပါ ကူညီနိုင်တဲ့ ဗဟိုကွင်းလယ်မှာ ကောင်းကောင်း အံဝင်နိုင်ပါတယ်။

ဘရန်ဒန်ရော်ဂျာဟာလဲ တီလီမန်းရဲ့ အပြောင်းအရွှေ့အတွက် အရိပ်အမြွက်ပေးခဲ့ပြီး အသင်းကနေ သူ ထွက်သွားမယ် ဆိုရင် သူမပါပဲ ရှေ့ဆက်သွားဖို့ စီစဉ်နေတယ်လို့ ဝန်ခံ ထားပါတယ်။

အာဆင်နယ်ဟာ ဒီဇန်နဝါရီမှာ ဗလာဟိုဗစ်၊ အာသာမယ်လို နဲ့ တီလီမန်းစ်အပြင် ဒါနီလို၊ ဂူအီမာရက်စ်၊ ဝိုင်နယ်ဒန်၊ ဂျွန်နသန်ဒေးဗစ်တို့ကိုပါ ပစ်မှတ်ထားနေပါတယ်။

အဲ့ဒီ့ ကစားသမား ၇ ယောက်လုံးကို ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်သလို လိုလဲ မလိုအပ်ပေမယ့် ဂန်းနားတို့သာ တီလီမန်းစ်၊ ဗလာဟိုဗစ်နဲ့ အာသာတို့ နှစ်ယောက် သုံးယောက်လောက်ကို ခေါ်ယူနိုင်ရင်တော့ ထိပ်ဆုံးလေးသင်းထဲ ပါဝင်ဖို့ ရေပန်းစားနေမှာ ဖြစ်ပါတယ်။

ဇန်နဝါရီကာလ အပြီး အာဆင်နယ် ဖြစ်ချင်နေတဲ့ လူစာရင်းကတော့ ရမ်စ်ဒေး၊ တိုမီယာဆု၊ ဘန်ဝှိုက်၊ ဂေဘရီရယ်၊ တီယာနေး၊ ပါတေး၊ တီလီမန်းစ်၊ ဆာကာ၊ အိုဒီဂတ်၊ စမစ်ရိုးနဲ့ ဗလာဟိုဗစ်တို့ပဲ ဖြစ်ပါတယ်။