သရေကျသွားပြန်တဲ့ ချဲလ်ဆီး၊ မန်ယူနဲ့ ပြီးသွားတဲ့ ဘစ်ဆာကာနဲ့ ယနေ့ နံနက်ခင်း ဘောလုံး သတင်းများ
ချဲလ်ဆီးအသင်းဟာ ညက ဘရိုက်တန် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၁ နဲ့ သရေကျပြီး အမှတ် လျော့သွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။
ဘရိုက်တန်နဲ့ ပွဲမှာ ဇီယက်ချ် ဂိုးသွင်းအပြီး အောင်ပွဲမခံတဲ့အပေါ် တူချယ်က “ဇီယက်ချ်ကဂိုး ၂၀ လောက် သွင်းယူနိုင်သူပါ။ သူ့အနေနဲ့ အောင်ပွဲမခံတာကပြဿနာ မဟုတ်ပါဘူး။ ကစားသမားတွေမပျော်ဘူးလို့ ပြောနေကြတာက ပုံမှန်လို ဖြစ်နေပါပြီ။ သွင်းဂိုးအတွက် တုံ့ပြန်ပုံကိုကြည့်ရင် ကစားသမားတွေ ပင်ပန်းနေပြီ ဆိုတာမြင်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီအချိန်မှာ အသင်းနဲ့ ပတ်သက်ရင် ဒီလိုပဲခံစားရပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

ပီအက်စ်ဂျီအနေနဲ့ ကြယ်ပွင့်တိုက်စစ်မူှး အမ်ဘာပေကို ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။ ပီအက်စ်ဂျီ ဟာ ရီးရဲနည်းပြဟောင်း ဇီဒန်းကို ခန့်အပ်ခြင်းကလည်း အမ်ဘာပေကိုဆက်ထိန်းနိုင်မဲ့နည်းလမ်းကောင်းလို့ ယူဆနေပါတယ်။
လီဗာပူးအနေနနဲ့ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်ပရောက်ကို ခေါ်ယူသင့်ကြောင်း၊ ဝိုက်နယ်ဒမ် ထွက်သွားပြီးနောက် ကွင်းလယ်ပိုင်းဟာ ရုန်းကန်နေပြီး ဝက်ပရောက်က အဲဒီကွက်လပ်ကို ဖြည့်တင်းပေးနိုင်မဲ့သူလို့ ခရွတ်စ် က တိုက်တွန်းခဲ့ပါတယ်။
အာဂျင်တီးနားအနေနဲ့ လာမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် လူစာရင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီကို ထည့်သွင်း ခဲ့ခြင်း မရှိဘဲ ချန်လှပ်ခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိမှာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ပြဿနာကိုရင်ဆိုင်နေရပြီး အာဂျင်တီးနား အသင်းမှာ မရွေးချယ်ဖို့ ပီအက်စ်ဂျီက တောင်းဆိုထားခဲ့တာပါ။
အာဆင်နယ်အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်ကို မခေါ်ခင် အူဘာမီယန်ကို အရင်ဆုံး ရှင်းထုတ်ရမှာ လို့ ကင်နီက သတိပေးလိုက်ပြီး အူဘာ မထွက်ခွာဘဲ အာဆင်နယ်အနေနဲ့ ဗလာဟိုဗစ်ကိုခေါ်နိုင်မယ် မထင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အင်တာမီလန်အနေနဲ့ ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒိုင်ဘာလာရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေကြောင်း အီတလီ သတင်းဌာနက ဖော်ပြထားပါတယ်။ ၂၈ နှစ်အရွယ်ကြယ်ပွင့်ကစားသမားဟာ ရာသီကုန်မှာ ဂျူဗီနဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်တိုးမြှင့်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
မန်ယူ နောက်ခံလူဟောင်း ပေါလ်ပါကားက အသင်းမှာ ဝမ်ဘစ်ဆာကာရဲ့ အနာဂတ်က အဆုံးသတ်သွားပြီဖြစ်ကြောင်း၊ ဘစ်ဆာကာဟာ ကစားသမားကောင်းဖြစ်ပေမဲ့ မန်ယူနဲ့ လိုက်ဖက်သူမဟုတ်ကြောင်း၊ သူ့အနေနဲ့ ပဲေလေ့စ်ကို ပြန်ပြောင်းရင် တောက်ပနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
စပါးနည်းပြ ကွန်တီက အာဆင်နယ်နဲ့ ယှဉ်ပြိုင်မဲ့ မြောက်လန်ဒန်ဒါဘီပွဲကို ရွှေ့ဆိုင်းခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ဟာ ထူးဆန်းလွန်းကြောင်း၊ ဒါဟာ သူ့နည်းပြဘဝမှာ ဒဏ်ရာပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ပထမဆုံး ပွဲဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။