တူချယ်ရဲ့ ဆင်ခြေ၊ အလန်ရှီးယား ထောက်ပြမှု၊ အဲဗာတန်နည်းပြ ဖြစ်လာဖွယ် လမ်းပတ်နဲ့ ချဲလ်ဆီး သတင်းတိုများ

အဲဗာတန်အနေနဲ့လစ်လပ်လျက်ရှိနေတဲ့ နည်းပြရာထူးအတွက် မန်ယူဂန္ထဝင်ရွန်းနီနဲ့ ချဲလ်ဆီးဂန္ထဝင် လမ်းပတ်တို့ကို အင်တာဗျူးသွားမှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဗာတန်အနေနဲ့ နည်းပြဟောင်း ဘင်နီတက်ဇ်ကို ၂၂ ပွဲ ကိုင်တွယ်အပြီးမှာပဲ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

ချဲလ်ဆီးနည်းပြတူချယ်က ဘရိုက်တန်နဲ့ပွဲက တိုက်စစ်မှူး လူကာကူရဲ့ခြေစွမ်းနဲ့ ပတ်သက်ပြီး ကာကွယ်မှု ပြုလုပ်ခဲ့ကာ ဒီနေ့ပွဲဟာ လူကာကူ တစ်ယောက်တည်းရဲ့ ပြဿနာ မဟုတ်ကြောင်း၊ လူကာကူဟာ အသင်းရဲ့ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမားကီပါက မိမိတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ပြီး တိုးတက်အောင် ပြုလုပ်ရမှာဖြစ်ကြောင်း၊ သူတို့အနေနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို တက်လှမ်းလိုတာကြောင့် အမှတ်များ ရရှိဖို့လိုအပ်ကြောင်း၊ သူတို့အနေနဲ့ တနင်္ဂနွေနေ့မှာ နောက်ထပ်ပွဲကြီးတစ်ပွဲ ယှဉ်ပြိုင်ရဦးမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာက သူ့အနေနဲ့ ဂိုးပေါက် ပျောက်ဆုံးနေတဲ့အချိန်မှာတောင် ပရိသတ်တွေဆီကနေ အားပေး ထောက်ခံမှုများစွာ ရရှိတဲ့အပေါ် အံ့အားသင့်မိကြောင်း၊ ပရိသတ်တွေရဲ့အားပေးမှုက သူ့ကိုပိုပြီး သန်မာလာစေကြောင်း ဆိုခဲ့ပါတယ်။

ရလဒ်ဆိုးတွေနဲ့ ပတ်သက်ပြီး မိမိတို့ နားရက်ရဖို့ လိုအပ်တယ်ဆိုတဲ့ ချဲလ်ဆီးနည်းပြတူချယ်ရဲ့ ဆင်ခြေကို အလန်ရှီးယား က ဝေဖန်ခဲ့ပြီး လက်ရှိအချိန်မှာ အသင်းတိုင်း အခက်အခဲနဲ့ ကြုံရတာဖြစ်ကြောင်း ထောက်ပြလိုက်ပါတယ်။

ဘရိုက်တန်နဲ့ ပွဲမှာဆိုရင်လည်း ချဲလ်ဆီးရဲ့ အရန်ခုံက ပေါင်သန်း ၂၂၀ တန်ကြေး ရှိကြောင်း၊ လက်ရှိချဲလ်ဆီးရဲ့ တိုက်စစ်ကစားပုံက ပွဲပန်းနေတဲ့ပုံမျိုး မဟုတ်ဘဲ ယုံကြည်ချက် ကျဆင်းနေခြင်းသာ ဖြစ်ကြောင်းလည်း အလန်ရှီးယားက ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်ကတော့ ဘရိုက်တန်နဲ့ပွဲက ချဲလ်ဆီး တောင်ပံကစားသမား အိုဒွိုင်းရဲ့ စွမ်းရည်ကို ဝေဖန်ခဲ့ပြီး အိုဒွိုင်းရဲ့ တိုက်စစ်ဆင်မှုတွေက အားနည်းချက်တွေရှိခဲ့ကြောင်း၊အိုဒွိုင်းအနေနဲ့ လူကာကူနဲ့ တွဲဖက်ရာမှာ အားနည်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က ဆောက်သမ်တန်ထံ အငှားချထားတဲ့ တိုက်စစ်မူှး ဘရိုဂျာကို ချီးကျူးခဲ့ပြီး ဘရိုဂျာဟာ ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း၊ ဘရိုဂျာ အနေနဲ့ဆက်လက်တိုးတက်ဖို့လိုအပ်လျက်ရှိနေကြောင်း၊ သူဟာ မိမိတို့ရဲ့ ကစားသမားဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။