ဒိုလေး လူစားလဲမှု၊ မကျေနပ်တဲ့ ဘရန့်ဖို့ဒ်နည်းပြ၊ အူဘာကို ကမ်းလှမ်းထားတဲ့ ကလပ်နဲ့ နံနက်ခင်း သတင်းများ

ညက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ စပါး က လက်စတာအသင်းကို အဝေးကွင်းမှာ ၃-၂ ဂိုး နဲ့ အနိုင် ရခဲ့သလို မန်ယူ အသင်းကလည်း အီလန်ဂါ၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ အနိုင် ကစား သွားခဲ့ပါတယ်။

ဒါ့အပြင် အင်တာမီလန်နဲ့ အမ်ပိုလီတို့ရဲ့ ကိုပါအီတာလျံရှုံးထွက် ပွဲစဉ်မှာလည်း အင်တာအသင်းက အချိန်ပို သွင်းဂိုးနဲ့ အတူ ၃-၂ နဲ့ အနိုင်ရပြီး ကွာတားကို တက်လှမ်းသွားပါတယ်။

မန်ယူနည်းပြရန်နစ်က ဘရန်ဖို့ဒ်နဲ့ပွဲမှာ စီရော်နယ်ဒိုကို လူစားလဲခဲ့မှုနဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုဟာ ဂိုးသွင်းချင်နေပေမဲ့ ၃ ရက်အတွင်း ပွဲကစားဖို့ရှိနေစဉ်မှာ အနားပေးရမှာဖြစ်ကြောင်း၊ ၂-၀ ဂိုးနဲ့ အနိုင်ရချိန်မှာ သူတို့အနေနဲ့ ခံစစ်ကို အားဖြည့်ဖို့လိုပြီး ခံစစ် ၅ ယောက်ထား ကစားကာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ရန်းနစ်က ’ စီရော်နယ်ဒိုရေ မင်းက ၃၆ နှစ်ရှိပြီ။ ပုံစံကောင်းပြနေပေမဲ့ နည်းပြနေရာ ရောက်ရင် နည်းပြ အမြင်ကို ကိုယ်ချင်းစာနိုင်မယ်’လို့ ပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမက်စ် ဖရန့်ခ်ကတော့ မန်ယူအသင်းဟာ အတော်လေး ကံကောင်းလွန်း လို့ သာ မိမိတို့ အသင်းကို အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

နယူးကာဆယ် အသင်းဟာ လင်ဂတ်ကို အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ တရားဝင် ပြုလုပ်ခဲ့ပေမယ့် မန်ယူ အသင်း ဘက်ကတော့ အဆိုပါ အငှားကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုရင် တိုက်စစ်မူှး စီရော်နယ်ဒိုအနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေကြောင်း သိရပါတယ်။ စီရော်နယ်ဒိုအနေနဲ့ သူ့ကစားသမားဘဝကို အသက် ၄၀ နှစ်အရွယ်အထိ ထိပ်တန်းအဆင့်မှာပဲ ကစားလိုလျက်ရှိနေတာပါ။

လီဗာပူးလက်ထောက်နည်းပြ ပတ်လင်ဒါက ၄ လကြာ အနားယူခဲ့ရပြီးနောက် လေ့ကျင့်ခန်း အပြည့်အ၀ ပြန် ဆင်းနေပြီဖြစ်တဲ့ လူငယ်ကြယ်ပွင့် အီလီဟော့ကို ချီးကျူးခဲ့ပြီး တိုးတက်မှု မြန်ဆန်လျက်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၎င်းတို့အသင်းတိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူနိုင်ဖို့ ဆော်ဒီကလပ် AL-Nassr အသင်းထံမှ ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားကြောင်း သတင်းထွက်နေပါတယ်။

မန်စီးတီး ကစားသမားဟောင်း မီကာရစ်ချတ်က ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ အံ့အားသင့်ဖွယ်ကောင်းပြီး နိုင်လိုစိတ် ပြင်းပြသူဖြစ်ကြောင်း၊ ရူဒီဂါအနေနဲ့ ကွင်းလယ်လူတွေ ဒါမှမဟုတ် တိုက်စစ်မှူးတွေ နောက်ကနေလိုက်ကစားပြီး တိုက်စစ်ကိုပါ အထောက်အကူပြုနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဂျူဗင်တပ်အသင်း ကွင်းလယ်လူ အာရွမ်ရမ်ဆေးကတော့ အသင်း တာဝန်ရှိသူတွေဟာ နယူးကာဆယ်၊ ဝုဗ်၊ ဘန်လေ စတဲ့ အသင်းတွေထံမှ ရောက်ရှိလာခဲ့တဲ့ ကမ်းလှမ်းမှုတွေကို ဆက်တိုက် ငြင်းဆန်ပယ်ချခဲ့ကြောင်း စွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာအနေနဲ့ သူ့ကစားသမားဘဝကို စတမ်းဖို့ဘရစ်ချ်မှာသာ ကုန်ဆုံးလို နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။