စီ ရော်နယ်ဒို ကို လူစားလဲခဲ့ပြီးနောက် အတင်း လိုက်ပြန်ချော့ခဲ့ရတဲ့ မန်ယူနည်းပြ ရန်းနစ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီမနက်က ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန့်ဖိုဒ့် အသင်းနဲ့ ကစားခဲ့ရာမှာ ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မန်ယူအသင်း အတွက် ဂိုးတွေကို အီလန်ဂါ၊ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖိုဒ့် တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ၂ ဂိုးပြတ်နဲ့ အနိုင်ရနေတဲ့ အချိန်မှာ နည်းပြ ရန်းနစ် က ရော်နယ်ဒို ကို ထုတ်ပြီး မက်ဂွဲယား ကို ထည့်သွင်း လူစားလဲခဲ့ပါတယ်။ ရော်နယ်ဒို ဟာ လူစားလဲခံရချိန်မှာ ပါးစပ်ကနေ တတွတ်တွတ်ပြောပြီး ကွင်းထဲကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ အရန်ခုံတန်းအရောက်မှာ သူ့ရဲ့ အကျီ ကို မြေပြင်ပေါ်ကို ပစ်ချကာ စိတ်ပျက် လက်ပျက် ထိုင်နေခဲ့တာပါ။

နည်းပြ ရန်းနစ် ကလည်း ရော်နယ်ဒို ကို လူစားလဲခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းစုံ ပြန်လည်ရှင်းပြခဲ့တာကြောင့် ကစားသမားဟာ ပြန်အဆင်ပြေသွားခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ မက်ဂွဲယား ကို ထည့်ပြီး ခံစစ်ပိုင်း ပိုကောင်းအောင် လုပ်ခဲ့ပေမယ့် တဂိုးတော့ ပြန်ပေးခဲ့ရပါတယ်။

နည်းပြ ရန်းနစ်က “ ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတဲ့ အချိန်မှာ ကျွန်တော်ရော်နယ်ကို ပြောခဲ့တယ်။ ငါတို့ ဗီလာနဲ့ ပွဲက ဖြစ်ခဲ့တဲ့ အရာတွေကို သင်ခန်းစာယူရမယ်ဆိုပြီးပေါ့။ အဲ့ဒီပွဲမှာ ခံစစ်ကို (၅)ယောက် မပြောင်းနိုင်တဲ့ အတွက်လည်း ကိုယ့်ကိုကိုယ် ဒေါသထွက်ခဲ့မိတယ်”

“ဒီနေ့ အခြေအနေကလည်း ဒီလိုပါပဲ အဲ့ဒါကြောင့် ပုံစံချင်းတူနေတဲ့ အမှားမျိုး ကျွန်တော်ထပ်ပြီး မလုပ်ချင်တော့ပါဘူး။ ကျွန်တော် ပြောခဲ့တယ်။ ရော်နယ်ဒို ရေ မင်းနားထောင်ပါ။ မင်းက အသက်(၃၆)နှစ်ရှိပြီး ပုံစံကလည်း ကောင်းနေ ပေမယ့် မင်းနည်းပြ တယောက်ဖြစ်ရင် နည်းပြတစ်ယောက် ရှုထောင့်ကနေ မင်းမြင်ရလိမ့်မယ်”

“ကျွန်တော့်အလုပ်က အသင်းနဲ့ ကလပ်ရဲ့အကျိုးစီးပွားအတွက် အကောင်း‌ဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ဖြစ်ပြီး သူလည်း ဒီလိုပဲ မြင်နိုင်မယ်လို့ မျှော်လင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ပွဲချိန်အပြည့် ကစားချင်သလို သွင်းဂိုးတွေလည်း ရယူချင်တာကြောင့် သူ့ကို လူစားလဲတဲ့ အချိန်နဲ့ အသင်း ရလဒ်တွေ ဆိုးရွားတဲ့ အချိန်မှာ စိတ်ပျက်တဲ့ အမူအယာတွေ မကြာခဏဆိုသလို ပြတတ်တာလည်းဖြစ်ပါတယ်။