ဘယ်သူမှ မလုပ်နိုင်သေးတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားတဲ့ လီဗာပူးရဲ့ ဆာလာ
လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ အက်သလက်တီကို ၂-၃ လီဗာပူး ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် ၉ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆာလာဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၁၂ ဂိုး သွင်းယူထားခြင်းဖြစ်ကာ ဘလွန်းဒီအောဆုအတွက် ထည့်တွင်း စဉ်းစားသင့်သူဖြစ်ကြောင်း ဆက်တိုက် သက်သေပြလာနေခဲ့တယ်။ အီဂျစ်သားဟာ ဒီရာသီမှာ ချန်ပီယံလိဂ် သွင်းဂိုး ၅ ဂိုး ရထားပြီဖြစ်ကာ ဂိုးသွင်း အများဆုံး ကစားသမားစာရင်းမှာ အေဂျက်မှ ဟယ်လာနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ကလော့ပ်ရဲ့ အဓိက တိုက်စစ်သမားက ပရီးမီးယားလိဂ်မှာလည်း ရဂိုး ၇ ဂိုးဖြင့် ဂိုးသွင်းအများဆုံး တိုက်စစ်သမားနေရာကို ရယူထားတာပါ။ ဆာလာရဲ့ ပုံစံကောင်းတွေကြောင့်ပဲ ဘောလုံးကမ္ဘာရဲ့ အာရုံစိုက်မှုတွေက သူ့အပေါ်ကို ပုံကျလာနေခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၉နှစ် အရွယ် အီဂျစ် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ လက်ရှိအချိန်မှာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားပြီး ယခုနှစ် ဘောလုံးရာသီရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား အဖြစ် ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ သတ်မှတ်မှုကို ခံထားရပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ ဆာလာရဲ့ ခြေစွမ်းအပေါ် ချီးကျူးသံတွေ သောသောညံခဲ့ပြီး လီဗာပူးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဘက်ကာကလည်း ဆာလာဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အင်္ဂလန် ကလပ်တွေထဲမှာတော့ အေတီကိုကို သူတို့ အိမ်ကွင်းမှာ အနိုင်ယူပြဖူးတဲ့ အသင်းက 2 သင်းသာ ပေါ်ပေါက်ထားပါသေးတယ်။ အဲဒီ အသင်းတွေက လက်ရှိ ဥရောပ ချန်ပီယံ ချဲဆီး နဲ့ လီဗာပူး တို့ ဖြစ်ပါတယ်။
ဒီပွဲ မှာ အနိုင်ရလာဒ် ကို ဆက်လက် ထိန်းထားနိုင်ခဲ့တာကြောင့် ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီ ဥရောပ ထိပ်သီး အသင်းကြီးတွေထဲမှာ ပြိုင်ပွဲ ပေါင်းစုံ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ တခုတည်းသော ကလပ် အဖြစ် ဆက်လက် ရပ်တည်သွားခဲ့ပါတယ်။
အခု ဆိုရင် သူတို့ အသင်းဟာ ပြိုင်ပွဲပေါင်းစုံ ရှုံးပွဲ မရှိတာ စုစုပေါင်း 21 ပွဲ ရှိလာခဲ့ပြီ ဖြစ်ကာ 16 ပွဲ နိုင် ၊ 5 ပွဲ သရေ ရလာဒ် ထွက်ပေါ်ထားပါတယ်။