အာသာနဲ့ အခြေနေ၊ ဗလာဟိုဗစ်အတွက် ငြင်းထားတဲ့ ဖီအို၊ ဝီလ်ရှိုင်းယားနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

ဂျူဗင်တပ်ဟာ အာသာကို ထွက်ခွာခွင့်ပေးဖို့ ၁၈လ အငှားနဲ့ အပြီးသတ် ဝယ်ယူခွင့်ကို သတ်မှတ် ထားခဲ့ပေမယ့် အာဆင်နယ်က လက်ရှိရာသီကုန်အထိသာ အငှားခေါ်ယူချင်တာကြောင့် သဘောတူညီမှု မရသေးပါဘူး။

ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားရဲ့ အထာပေးမှုကြောင့် အာဆင်နယ်ပရိသတ်တွေကတော့ ရင်ခုန်သံ မြန်ဆန် ခဲ့ရပါတယ်။ ဝီလ်ရှိုင်းယားဟာ အာဆင်နယ်ပထမအသင်းရဲ့ လေ့ကျင့်ရေးဂျာစီ ဝတ်ဆင်ထားတဲ့ပုံနဲ့အတူ သဲနာရီ Emoji ကို တင်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ မန်စီးတီး စောင့်ကြည့်ခြင်း ခံလာရတဲ့ နည်းပြအာတီတာကို ၂ နှစ်စာချုပ်နဲ့ သက်တမ်း တိုးမြှင့် ကမ်းလှမ်းသွာမှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ရှိ အာတီတာရဲ့ စာချုပ်ဟာ ၁၈ လသာ ကျန်ရှိတော့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးနဲ့ပွဲမှာ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ နောက်ခံလူ တိုမီယာဆုကို ရွေးချယ်လိုခြင်း မရှိခဲ့ဘူးိလု့ ဖွင့်ဟလိုက်ပြီး ဆီဒရစ်၊ ချန်ဘာတို့ နှစ်ဦးစလုံး ကစားနိုင်ခြင်း မရှိတဲ့အတွက် အသင်းမှာ အစွန်ခံစစ်သမား တွေ မကျန်တော့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မာတင်ကီအွန်ကတော့ လီဗာပူးနဲ့ပွဲမှာ ပါတေးကို အသုံးပြုခဲ့တဲ့ အာတီတာရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး ဒါဟာ စွန့်စားလွန်းရာ ကျပြီး ရူးနှမ်းတဲ့ စိန်ခေါ်မှုဖြစ်ခဲ့ကြောင်း၊ ပါတေးအနေနဲ့ ထိုပွဲမှာပါဝင်ကစားဖို့ အဆင်သင့် မဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ သူ့အသင်းဟောင်းအနေနဲ့ နော်တင်ဟမ်ဖောရက်စ် နောက်ခံလူ Djed Spence ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဖီအိုရင်တီးနားဥက္ကဋ္ဌ ဘာရုန်းကတော့ သူတို့ရဲ့ တိုက်စစ်မှူးဗလာဟိုဗစ်အတွက် အာဆင်နယ်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ခဲ့ပါတယ်။ ဗလာဟိုဗစ်ကို အင်္ဂလန်ကလပ်တချို့က ဆက်သွယ်မှုတွေ ပြုလုပ်နေပေမယ့် သဘောတူညီမှု မရသေးကြောင်း ဖီအိုဥက္ကဋ္ဌက ဆိုခဲ့တာပါ။

အာဆင်နယ်ဟာ လက်ရှိမှာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာ ပေါ်ပေါက်နေတယ်လို့ အာဆင်နယ် ကစားသမားဟောင်း ရေးပါလာက ထောက်ပြလိုက်ပါတယ်။

အာတီတာအနေနဲ့ ကစားသမားတွေကို ရူးနှမ်းတဲ့ အမှားမျိုး မကျူးလွန်အောင် သေချာပြောသင့်ကြောင်း၊ ပါတေး ပြန်လာတာက အာဆင်နယ်အတွက် ကြီးမားတဲ့ အားကိုးစရာဖြစ်ပေမဲ့ အခုတော့ ပွဲပယ်ခံရတော့မယ်လို့ ရေးပါလာက မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ဂန္ထဝင်ဟောင်း အွန်နရီဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ ခြေလှမ်းပြင်လျက် ရှိနေပါတယ်။ ပြင်သစ်ကလပ် ဘော်ဒိုးအနေနဲ့ လက်ရှိနည်းပြ ပတ်ကိုဗစ်ကို ထုတ်ပယ်ခဲ့ရင် အွန်နရီနဲ့ အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာပါ။ ဘော်ဒိုးဟာ လက်ရှိရာသီမှာ အခြေအနေဆိုးရွားနေပြီး အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာပါ။