ကစားပုံ မပြောင်းဘူး ဆိုတဲ့ ဇာခါ၊ ဗလာဟိုဗစ်၊ ပါပီဆစ်စီ၊ အာသာတို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ် အသင်းဟာ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ် ကွင်းလယ်လူ အာသာကို ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်ရဲ့ တောင်းဆိုမှုကို လိုက်လျောတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒါကတော့ဂျူဗင်တပ်အနေနဲ့ အာသာကို ခေါ်ချင်ရင် ၁၈ လ အငှားစာချုပ်နဲ့ ခေါ်ဖို့ တောင်းဆိုထားတာပါ။
အာဆင်နယ် ကွင်းလယ်လူ ဇာခါ က သူ့အနေနဲ့ အနီကတ်တွေ အထိများနေပေမဲ့ ကစားပုံကို ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ဆိုလိုက်ပြီး သူထိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်တွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဇာခါက သူ စွန့်စားခဲ့တာ မှန်ပေမဲ့ ၅၀-၅၀ အနေအထားတွေသာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

နယူးကာဆယ်အနေနဲ့ အိုလံပီယာကော့စ်နောက်ခံလူ ပါပီဆစ်စီကို ခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့အပြိုင်ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် နောက်ခံလူဟာ လက်ရှိ ကျင်းပလျက်ရှိနေတဲ အာဖရိဖလားပြိုင်ပွဲမှာ ဆီနီဂေါနဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသထားတာပါ။
အာဆင်နယ် ကစားသမားဟောင်း စတီးဝပ် ရော့ဘ်ဆန် က အာဆင်နယ်ဟာ လူငယ်ကြယ်ပွင့်တွေနဲ့ အလားအလာ ကောင်းတွေ ရှိတဲ့ အသင်းဖြစ်တယ်လို့ ဆိုလိုက်ပြီး ဒီရာသီမှာ အဆင့်လေးအတွင်း ဝင်ခွင့်က သူတို့အတွက် ခမ်းနားတဲ့ရပ်တည်မှု ဖြစ်မယ် ဆိုပေမယ့် အာဆင်နယ် လုပ်နိုင်ဦးမယ်လို့ မထင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ နည်းပြအာတီတာကို ၂ နှစ်စာချုပ်နဲ့ တိုးမြှင့်ကမ်းလှမ်းသွာမှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်ဟာ နည်းပြအာတီတာ လက်အောက်မှာ ထိပ်တန်း အသင်းပြန်ဖြစ်လာမယ်လို့ ယုံကြည်လျက်ရှိနေတာပါ။

ဖီအိုရင်တီးနားနည်းပြ ဗင်ဆန်ဇိုက အာဆင်နယ်ပစ်မှတ်ထားနေတဲ့ တိုက်စစ်မူှး ဗလာဟိုဗစ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး “ဒီအပြောင်းအရွှေ့ ပိတ်သိမ်းမှာကို မစောင့်နိုင်တော့ပါဘူး။ ဗလာဟိုဗစ်နဲ့ ပတ်သက်ပြီးကောလဟာလ အများကြီး ထွက်ပေါ်နေပေမဲ့ ကျွန်တော်တို့ရဲ့ သဘောထားကတော့ မပြောင်းလဲပါဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးနဲ့ပွဲမှာ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ နောက်ခံလူ တိုမီယာဆုကို ရွေးချယ်လိုခြင်း မရှိခဲ့ကြောင်း၊ ဒါပေမဲ့ ဆယ်ဒရစ်၊ ချန်ဘာတို့ နှစ်ဦးစလုံး ကစားနိုင်ခြင်း မရှိတဲ့အတွက် သူတို့အသင်းမှာ အစွန်ခံစစ်သမား တွေ မကျန်တော့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။